လွိုင်ကော်        ဇူလိုင်         ၂၇

 

ကယားပြည်နယ်၏ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီများနှင့် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပညာရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်က “ပြည်နယ်အဆင့် အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် ပြည်ထောင်စု အဆင့်သို့  ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အရည်အချင်းပြည့်မီသော ပြိုင်ပွဲဝင်အနုပညာရှင် များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စုဖွဲ့ရွေးချယ်လေ့ကျင့်ပြီး ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှု ရရှိသည်အထိ မျှော်မှန်းပြီး ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း” မှာကြားသည်။ ဆက်လက်၍ ပြည်နယ် စီးပွားရေးရာ ဝန်ကြီး ဦးစိန်ဦးက ပြိုင်ပွဲကျင်းပရေး လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးနှင့် ပညာရှင်များက လုပ်ငန်းအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)