မိုးညှင်း ဇူလိုင် ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာအုပ်စု ဘီလူးကျေးရွာတွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးရေး အသိပညာပေးခြင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက တောင်သူဦးမောင်ထွန်းနေအိမ်၌ ကျင်းပခဲ့သည်။
အဆိုပါ ကျင်းပရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင်က ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနိုင်စေရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်းက နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများနှင့် နေကြာသီးနှံ မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆီထွက်သီးနှံ နေကြာမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းကဏ္ဍာများအလိုက် အသီးသီးဆွေးနွေးပြောကြားကြပြီး တောင်သူကြီးများမှ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ တောင်သူကြီးများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါ လုပ်ငန်းအောင်မြင်ဖြစ် ထွန်းနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှထုတ်ဝေသော ဟင်းသီးဟင်းရွက်များဖြစ်သည့် ငရုပ်၊ နံနံ၊ တိုင်ထောင်ပဲ၊ ဘူး၊ ခရမ်းချဉ်၊ ကိုက်လန်၊ ဆလပ်၊ သခွား၊ ခရမ်း၊ ကန်စွန်း၊ ပဲလင်းမြွေ၊ ရုံးပတီ၊ ဒန့်သလွန်နှင့် မုန်ညင်းစသည့် သီးနှံအမျိုးအမည်ပေါင်း (၁၄)မျိုးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက တောင်သူကြီးများထံ ထောက်ပံ့ပေးအပ်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)