ဇေယျာသီရိ  ဇူလိုင် ၂၇

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနှောင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံတွင် ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များနှင့် လိုက်လျော ညီထွေ ဖြစ်ထွန်းသည့် ချည်မျှင်ချည်ဝါ ထုတ်လုပ်နိုင်တဲ့အပြင် ဈေးကွက်အကျိုး အမြတ်ရရှိစေတဲ့ ဒေသအလိုက်သင့်တော်သော သီးနှံမျိုးကွဲများ ပွားများဖြန့်ဖြူးစိုက်ပျိုးစေလျက်ရှိရာ ဇေယျာသီရိ မြို့နယ် အတွင်းမှာလည်း ချည်မျှင်ချည်ဝါများ ထုတ်လုပ်နိုင်သည့် ဝါ၊ ဂုဏ်လျှော်၊ နာနတ်လျှော် များကို စိုက်ပျိုးနိုင်ပါတယ်ဂုဏ်လျှော်၊ နာနတ်လျှော်များစိုက်ပျိုးရာတွင် ဒေသ၊ ရာသီဥတု ကန့်သတ်ချက်တွေ များပြားပြီး ဝါစိုက်ပျိုးမှုမှာတော့ ရာသီဥတု ကန့်သတ်ချက်နည်းသည့်အပြင် ဒေသ၊ အကျိုးအမြတ်များကြောင်း၊  ချည်မျှင်ချည်ဝါထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဒေသ၊ ရာသီဥတု ကန့်သတ်ချက်နည်းပြီး အကျိုးအမြတ်များစေမည့် ဝါမျိုးများကို တောင်သူများ အနေဖြင့် ပိုမိုစိုက်ပျိုးလုပ်ကိုင်စေလိုကြောင်း၊ ဝါသီးနှံသည် ချည်မျှင်ချည်ဝါ ထုတ်လုပ်မှုအတွက် အမှန်တကယ် လိုအပ်တဲ့သီးနှံတစ်မျိုးလည်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးမှုအတွက် မိုးနှောင်းချည်မျှင် ချည်ဝါ ငွေချည်-၆၊ ငွေချည်-၉ ရွှေတောင်-၈ ရွှေတောင်-၁၀ စတဲ့ မျိုးသစ်မျိုးသန့်များ ရရှိနိုင်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးပါတယ်ဆိုတာကိုလည်း အသိပေး ပြောကြားလိုကြောင်း၊ ချည်မျှင်ချည်ဝါထုတ်လုပ်နိုင်တဲ့ ဝါသီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်သကဲ့သို့ တစ်ဧက အထွက်နှုန်း မြင့်မားရေးဟာလည်း အရေးကြီးတာကြောင့် စိုက်ပျိုးရေးဦးစီးဌာနက ယနေ့ ဖွင့်လှစ်သင်ကြားပေးတဲ့ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနည်းပညာ သင်တန်းမှာပို့ချပေးမယ့် နည်းပညာများကို အကျိုးရှိရှိ လေ့လာမှတ်သားစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်နှင့် လက်ရှိ ဝါစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်းစီဝင်နှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ ဝါစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူ ၃၂ ဦး အတွက် တစ်ဧကလျှင် ၃ ပိဿာ အိတ် ၁ အိတ်နှုန်းဖြင့် ၄၇ ဧက စာအတွက် ရွှေတောင်-၁၀ မျိုးသန့်ဝါစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။                                                

အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုမှ သင်တန်းသား/သူ ၄၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဝတ်ရည်က ချည်မျှင်ရှည်ဝါ ဝင်ငွေအကျိုးအမြတ် မြင့်မားရေးအတွက် လိုက်နာဆောင်ရွက် ရမည့် စိုက်ပျိုးနည်းစနစ်များအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)