ရန်ကုန် ဇူလိုင် ၂၇
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ယနေ့ မွန်လွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်ရာဟုထောင့်ရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျ သဘာပတိ ဦးသိန်းထွဋ်မောင်က သင်တန်းပြီးမြောက် အောင်မြင်မှုအထိမ်းအမှတ် စကားပြောကြားသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးအမ်းယုမောင်က ယဉ်ကျေးမှုဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ဆုထူးပန် အဘိဓမ္မာပြန့်ပွားရေးအသင်းဥက္ကဌ ဦးဌေးလွင်က သာသနာရေး ဆိုင်ရာများအားလည်းကောင်း ပြောကြားကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြ ဆရာကြီးကို ဂါရဝပြုလက်ဆောင်နှင့် ဆုရသင်တန်းသားများကို လည်းကောင်းဆုချီးမြှင့်ပေးအပ် ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံးယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)