ညောင်ဦး  ဇူလိုင်  ၂၈

           

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ခွေးပြုတ်ကျေးရွာ၊ အုတ်လှေကား ကျေးရွာသို့  ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဝေမျှခြင်း ပရဟိတအဖွဲ့က သောက်သုံး ရေဂါလန် ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော် အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။

           

ညောင်ဦးမြို့နယ်တွင် တဲတိုက်ပေါင်း ၈၀ ကျော်ရှိပြီး အလှူရှင်များ လှူဒါန်းသည့် သောက်သုံးရေကိုသာ မှီခိုအားထားနေရကြောင်း၊ မြေသားမိုးရေလှောင်ကန်များ ရေဝင်ရောက်ပါက ထိုကန်များမှ ရေကိုသုံးစွဲကြပြီး မိုးခေါင်သည့် နှစ်များတွင် သောက်သုံးရေ အင်မတန် ရှားပါးကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်သည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်ကာ တစ်နှစ်ပတ်လုံးနေမှ မိုးရေချိန် ၂၀လက်မ အောက်သာ ရွာသွန်းလေ့ရှိခြင်းကြောင့် မြေသားသောက်သုံးရေကန်များ ရေဝင်ရေပြည့်လျှင် ကျေးရွာသူကျေးရွာ သားများအင်မတန်ပျော်ကြကြောင်း၊ အုတ်လှေကားကျေးရွာမှ ထန်းတောင်သူ ဦးစိုးက ရှင်းပြ၍ သိရသည်။

 

ရန်ကုန်မြို့ ဝေမျှခြင်းအဖွဲ့မှလည်း ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များသို့ ဒေသခံပရဟိတအသင်းများနှင့်ချိတ်ဆက်၍ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိကြောင်း သိရပြီး သောက်သုံးရေလှူဒါန်းခြင်းအား ဇူလိုင်လကုန်တွင် ရပ်နားထားပြီး လာမည့်နှစ်ဆောင်းဦးပေါက်တွင် ပြန်လည်လှူဒါန်းမှု စတင်မည်ဖြစ်ကြောင်း သိရသည်။

                                                                       

ကိုကြေးမုံ