နေပြည်တော်       ဇူလိုင်       ၂၈

 

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ကျေးရွာလူထုသို့ ချပြရှင်းလင်းခြင်းကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ လူထုဗဟိုပြုခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားပြီး ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဇာဝေက ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ကျေးရွာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဆန်းက ကျေးရွာလူထု ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေ သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ၂၆ သိန်းကျော် စုစုပေါင်း ၁၂၆ သိန်းကျော်ဖြင့် အရှည်ပေ ၆၅၀၊ အကျယ် ၁၂ ပေ၊ ထု ခုနစ်လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ပြန်/ဆက်)