နေပြည်တော် ဇူလိုင် ၃၀
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စုတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်း ကျေးရွာရှိ တောင်သူ ဦးကျောက်၏ လယ်မြေ ဧက ၂၀ တွင် ဆောင်ရွက်ခဲ့သည်။
သရုပ်ပြပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က စက်ကိရိယာအသုံးပြု၍ စိုက်ပျိုးနိုင်မှုများ၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက လယ်ယာသုံး စက်ကိရိယာများအကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က မိုးစပါးစိုက်ပျိုးမှု အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် ဒေသခံတောင်သူများက ကောက်စိုက်စက်ဖြင့် မိုးစပါး(မနောသုခ) စိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှုအားပေးကာ လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်သည့် ဗီနိုင်း ပိုစတာများ၊ စပါးမျိုးစေ့ချစက် ပြုလုပ်ပုံအဆင့်ဆင့်တို့ကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)