ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၂) ကျင်းပ

 

ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်၌ တိုင်းရင်းသားများ၏ အခွင့်အရေးများ အပြည့်အဝရရှိ၍ လွှတ်တော်၌ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေး ဆောင်ရွက်ပေးသွားရမည်

 

နေပြည်တော် ဇူလိုင် ၃၁

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အနေဖြင့် ကျန်းမာရေး အခြေအနေအရ အစည်းအဝေး မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်တာဝန် ထမ်းဆောင်နေရစဉ်အတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

သဘောတူအတည်ပြုခဲ့

 

ထိုသို့ပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတာဝန်များကို ထမ်းဆောင်လာခဲ့သည်မှာ ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်တွင် ၁ နှစ်နှင့် ၆ လ (၁၈ လ) ပြည့်မြောက်မည် ဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အကြီးအကဲများနှင့် အဖွဲ့ဝင်များပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကို ကျင်းပခဲ့ပြီး မိမိတို့အစိုးရ၏ တစ်နှစ်တာတာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေကို တင်ပြခဲ့ပါကြောင်း၊ အဆိုပါကာလ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မှစပြီး ပထမ ၆ လသက်တမ်းတိုးမြှင့်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သဘောတူ အတည်ပြုခဲ့ပါကြောင်း၊ သက်တမ်းတိုးမြှင့်ခဲ့သည့် ၆ လအတွင်း မိမိတို့အစိုးရ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ တိုးတက်ပြောင်းလဲ လုပ်ဆောင်မှုများ၊ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများကို တင်ပြသွားမည် ဖြစ်ပါကြောင်း။

 

ကြေညာချက်ထုတ်ပြန်ခဲ့

 

ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို ဆောင်ရွက်နေမှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် ရက်စွဲပါအမိန့်အမှတ်(၇/၂၀၂၁)အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးစီးအဖွဲ့ဝင် ငါးဦးဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အသစ်အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ ၃၈၂၇၁၄၄၇ ဦး (၃၈ ဒသမ ၂၇ သန်းကျော်)ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင် နေသူ ၄၈၆၉၄၂၇ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်/ ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ၊ အသက် ၁၀၀ နှစ်နှင့် အထက်၊ အသက် ၁၈ နှစ်နှင့်အောက် အပါအဝင် မဲစာရင်းကွာဟမှု ၁၁၃၀၅၃၉၀ ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်ကို ဦးစွာတင်ပြလိုပါကြောင်း။

 

တိုင်ကြားမှုများလည်း များစွာဖြစ်ပေါ်

 

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုဆိုင်ရာ များစွာဖြစ်ပေါ်ခဲ့သကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများလည်း များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့သည့်အနက် ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်း၍ အမှုဖွင့်ခဲ့သည့် အမှုပေါင်း ၅၄၆ မှုရှိပြီး ယင်းတို့အနက် အမှုခိုင်မာ၍ တရားစွဲဆို တင်သွင်းခဲ့မှု ၃၄၅ မှု၊ ပိတ်သိမ်းခဲ့သည့်အမှု ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက်တောင်းခံဆဲ ၁ မှုတို့ ရှိခဲ့ပါကြောင်း။

 

ရွေးကောက်ပွဲလုပ်ရပ်များအပေါ် စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် အားနည်းပျက်ကွက်ခဲ့သည့် တာဝန်ရှိသူ ၂၄၁၇ ဦးရှိပြီး တရားစွဲဆိုမှုများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ် များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ ၄၇၉ ဦးကို အမှုဖွင့်လှစ်အရေးယူခဲ့သကဲ့သို့ မဲ၂ ကြိမ်နှင့် ၂ ကြိမ် အထက် မဲပေးသူများကိုလည်း ဥပဒေနှင့် အညီအရေးယူနိုင်ရေး တိုင်ကြား/တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ဆက်လက်စစ်ဆေးဆောင်ရွက်မည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစီး ပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များသည် နိုင်ငံရေးပါတီများ စစ်ဆေးခြင်း၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်းများ အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးခဲ့ပါကြောင်း၊၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးပြီးဖြစ်ပါကြောင်း၊ စစ်ဆေးရန်ကျန်ပါတီများ ကို ဆက်လက်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

ပန်းခင်းစီမံချက်ကို နိုင်ငံအဝန်း ဆောင်ရွက်

 

ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာများကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ၁၈ လတာ ကာလအတွင်း ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အခြေခံမဲစာရင်းများ မှန်ကန်ရေးသည် အဓိကကျသည့် အခြေခံအချက်ပင် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄၈၆၉၄၂၇ ဦး (၄ ဒသမ ၈ သန်းကျော်) ရှိပါကြောင်း၊ လာမည့်ရွေးကောက်ပွဲ၌ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအနက် ၃-၅-၂၀၂၁ ရက်မှ ၃-၁၁-၂၀၂၂ ရက်အထိ ၁၈ လတာ ကာလသတ်မှတ်၍ အကျုံးဝင်သူဦးရေ ၃၄၉၁၃၆၄ ဦး(၃ ဒသမ ၄ သန်းကျော်) အားကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ကို နိုင်ငံအဝန်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၃၃၄၀၁၃၀ (၃ ဒသမ ၃ သန်း) ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်ကို တင်ပြလိုပါကြောင်း။

 

 

mdn

 

 

၁၃ မြို့နယ်မှာ ဆောင်ရွက်ရန်ကျန်ရှိနေ

 

သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သက်ဆိုင်ရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနများတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ကို အခြေခံ ပြုစုထားသည့် စာရင်းများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်းစီမံချက် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရန်အတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစီမံချက်(Pilot Project)ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၅ ရက်အထိ မြို့နယ် ၂၉၈ မြို့နယ် ဆောင်ရွက်ပြီးစီး၍ မြို့နယ် ၁၄ မြို့နယ်အား ဆောင်ရွက်ဆဲဖြစ်ပြီး မြို့နယ် ၁၃ မြို့နယ်မှာ ဆောင်ရွက်ရန်ကျန်ရှိနေသေးကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်များသည် အကြမ်းဖက်မှုများကြောင့် နယ်မြေအေးချမ်းမှု မရှိသည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှဖြစ်ပြီး ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

 

ပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်း လျင်မြန်စွာကျဆင်း

 

လုပ်ငန်းစဉ်(၂) “လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့် အချက်ကို ဆောင်ရွက်နေမှုအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပါကြောင်း၊ မိမိတို့အစိုးရ စတင်တာဝန် ယူထမ်းဆောင်စဉ် ကာလ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၃၉၅၆၆၈ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၃၈၈၈၃၂ ဦး၊ သေဆုံးသူ ၁၆၁၈၅ ဦး ရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၇၈၄၇၇ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၇၉၅၉၂ဦး၊ သေဆုံးသူ ၁၂၄ ဦးသာ ရှိခဲ့ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်း လျင်မြန်စွာ ကျဆင်းလာခဲ့ခြင်းဖြစ်သည်ကို တင်ပြအပ်ပါကြောင်း၊ သက်သာပျောက်ကင်းသူ အရေအတွက်တွင် ဖော်ပြပါ ကာလမတိုင်မီ ရောဂါဖြစ်ပွားခဲ့ပြီး ဖော်ပြပါကာလအတွင်း၌ သက်သာပျောက်ကင်းခဲ့သည့် လူနာများကိုလည်း ထည့်သွင်းရေတွက်ထားခြင်းဖြစ်သဖြင့် ရောဂါပျောက်ကင်းမှု အရေအတွက်များပြားနေခြင်း ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားလိုပါကြောင်း။

 

တည်ငြိမ်အေးချမ်းရန် ဆက်လက်ဆောင်ရွက်

 

မိမိတို့နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အနေဖြင့် ဇူလိုင် ၂၆ ရက်အထိ လူဦးရေ ၃၆၀၄၇၀၉၄ (၃၆ သန်းကျော်) ထိုးနှံပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရည်မှန်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းအထက်ကို ထိုးနှံပြီးစီး၍ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိုးနှံရမည့် ရည်မှန်းလူဦးရေ၏ ၄၀ ရာခိုင်နှုန်း အောက်ရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါဒေသများထဲမှ တချို့နေရာများတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးသဖြင့် သတ်မှတ်ချက်အောက် အနိမ့်ဆုံးဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများတွင် သတ်မှတ်ရာနှုန်းအတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် နယ်မြေအခြေအနေများ တည်ငြိမ်အေးချမ်းရန် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သည်ကို တင်ပြလိုပါကြောင်း။

 

ထပ်မံဝယ်ယူရန် စာချုပ်ချုပ်ဆို

 

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်အထိ ကာကွယ်ဆေးဝယ်ယူရရှိမှုအနေဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ရုရှားနိုင်ငံတို့မှ ဝယ်ယူမှု စုစုပေါင်း ၄၅၀၀၀၀၀၀ (၄၅ သန်း) Doses ဖြစ်ပါကြောင်း၊ လှူဒါန်းရရှိမှု အနေဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ Nippon Foundation ၊ GAVI Covax Facility နှင့် AHA Center တို့မှလှူဒါန်းမှုစုစုပေါင်း ၃၁၅၉၁၆၀၀ Doses ရရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဧပြီလကစတင်ပြီး ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိပြီး ဇူလိုင် ၁ ရက်အထိ ကာကွယ်ဆေး ၄၀၉၁၆၂၅ (၄ သန်း ကျော်) Doses ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးဝယ်ယူရရှိမှု၊ လှူဒါန်းမှု၊ ထုတ်လုပ်မှု များမှ ၈၀၆၈၃၂၂၅ (သန်း ၈၀ ကျော်) Doses ရရှိပြီး ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ၁၄၀၀၀၀၀ (၁ ဒသမ ၄ သန်း) Doses ထပ်မံဝယ်ယူရန် စာချုပ်ချုပ်ဆို ထားပြီးလည်း ဖြစ်ပါကြောင်း။

 

ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးနှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှ သက်တမ်း တိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ဆောင်မှုများကိုတိုးမြှင့်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် အစားအသောက်များကို မျှတစွာ စားသုံးနိုင်ရန်အတွက် ပညာပေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ အစားအစာဘေးကင်း လုံခြုံရန်အတွက် စစ်ဆေးခြင်းများ၊ ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးနှင့် ကုသရေးကိရိယာများ ခေတ်မီစွာသုံးစွဲနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို နိုင်ငံတစ်ဝန်း လွှမ်းခြုံကာကွယ်နိုင်ရန် ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ကာကွယ် ဆေးထိုးနှံနိုင်ရန် ဦးစားပေးအစီအစဉ်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

 

ကြွေးမြီသည် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာ

 

လုပ်ငန်းစဉ်(၃)ပါ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကိုဖြစ်နိုင် သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်” ဆိုသည့်အချက်အား ဆောင်ရွက်နေမှုအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းနိုင်ငံများစွာရှိ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပါကြောင်း၊ မိမိတို့နိုင်ငံအတွက်လည်း ရိုက်ခတ်မှုများ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှနည်းလမ်းများနှင့် အမြန်ဆုံးကုစားသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ တာဝန်မယူမီအချိန်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီသည် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာခဲ့သည်ကို တွေ့ရပါကြောင်း၊ ထုတ်ယူသုံးစွဲပြီး ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၇ ဘီလီယံကျော်ရှိပြီး ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်အထိ ပေးဆပ်ပြီးသည့်ငွေပမာဏ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၄ ဘီလီယံရှိပါကြောင်း၊ ပေးဆပ်ရန် ကျန်ငွေပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ (၁၁ ဒသမ ၄၂ ဘီလီယံ ကျော်) ရှိပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကချေးငွေများကို နှစ်စဉ် အတိုးအရင်းဒေါ်လာ သန်း ၇၀၀ ခန့် ပေးဆပ်နေရပါကြောင်း၊ ထို့ကြောင့် အစိုးရတာဝန်ယူခဲ့သည့် ၁ နှစ်တာကာလအတွင်း ပို့ကုန်များတင်ပို့နိုင်ရေးနှင့် မလိုအပ်သည့် သွင်းကုန်များကို လျှော့ချနိုင်ရေး စီမံဆောင်ရွက်ခဲ့ရပါကြောင်း၊ ပြီးခဲ့သည့်အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၁ ဘီလီယံရှိခဲ့ပါကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းတွင် ထုတ်လုပ်၍ရနိုင်သည့် ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်အတွက် အားမပေးဘဲ ပြည်ပကသာ မှာယူတင်သွင်းမှုများကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ကုန်သွယ်မှုအခြေအနေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ လက်ရှိအချိန်ထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃၇ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၇၅ ဘီလီယံရှိပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိပါကြောင်း။

 

အရင်းအနှီး ပံ့ပိုးထုတ်ပေးထား

 

ပြည်တွင်း/ ပြည်ပ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဘဏ်လုပ်ငန်းများ ယုံကြည်မှုကျဆင်းခဲ့ရပြီး ပုံမှန်မလည်ပတ်နိုင်သည့်အတွက် အစိုးရအနေဖြင့် ကျောထောက်နောက်ခံ ရပ်တည်ပေး၍ တည့်မတ်ပေး ခဲ့ရာလက်ရှိတွင် လုပ်ငန်းများအားလုံး ပုံမှန်လည်ပတ်နိုင်ပြီဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖြေလျှော့မှု အစီအစဉ်အနေဖြင့် အတိုးနှုန်းလျှော့ချရေးနှင့် ပတ်သက်ပြီး အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းပေးခြင်း၊ အခွန်နှင့် ပတ်သက်သည့် ပေးသင့်ပေးထိုက်သည့် အခွန်များပေးဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို အတတ်နိုင်ဆုံး ကုစားနိုင်ရန်အတွက် တောင်သူလယ်သမားများနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းရှင်များကို စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ငွေကျပ် ၂၃၃၅ ဒသမ ၄၉ ဘီလီယံအား အရင်းအနှီး ပံ့ပိုးထုတ်ပေးထားပါကြောင်း။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်နှင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိသည့် ရန်ပုံငွေလက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံမှ ကျန် ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေ ထူထောင်ကာ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ပေးသွားရန် စီစဉ်ထားသည်ကို တင်ပြအပ်ပါကြောင်း။

 

အလုပ်အကိုင် ပြန်လည်ရရှိခဲ့

 

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများအရ ဖြစ်ပေါ်လာသည့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ၂၉၁ ခု နှင့် အလုပ်သမား ၁၀၄၇၉၈ ဦး ရပ်နားထားရပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈ ရက် ကာလအတွင်း အသစ်ဖွင့်လှစ်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံ ၁၁၄ ရုံနှင့် ပြန်လည်ဖွင့်လှစ်ခဲ့ သည့် စက်ရုံ၊ အလုပ်ရုံ ၁၀၀ ရုံ စုစုပေါင်း ၂၁၄ ရုံရှိခဲ့ပြီး အလုပ်သမားအင်အား ၅၄၈၁၉ ဦး အလုပ်အကိုင် ပြန်လည်ရရှိခဲ့ပါကြောင်း၊ ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းများ မူလအတိုင်း လုပ်ငန်းများပြန်လည် လည်ပတ်ရန်နှင့် အလုပ်သမားများ ရာနှုန်းပြည့် လုပ်ငန်းခွင်တွင် ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

 

၆ လတာ ကာလတွင် ပိုမိုလည်ပတ်မှုရှိလာ

 

ကိုဗစ်-၁၉ ရောဂါ၊ နိုင်ငံရေးအခြေအနေနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် အများသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ရပြီး ကုန်ဈေးနှုန်းကြီးမြင့်စေမှုသို့ ဦးတည်စေခဲ့ပါကြောင်း၊ အစိုးရမှ Public Transportation များကို ပြည်သူလူထုပိုမိုအမှီသဟဲ ပြုနိုင်ရန်ကြိုးပမ်းနေပါကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာခြင်းနှင့် နိုင်ငံရေးအခြေအနေ တည်ငြိမ်စပြုလာခြင်းတို့ကြောင့် Public Transportation လုပ်ငန်းများ ယခင်တစ်နှစ်တာကာလထက် လက်ရှိ ၆ လတာ ကာလတွင် ပိုမိုလည်ပတ်မှုရှိလာပါကြောင်း။

 

ပြည်တွင်းလေကြောင်းလိုင်းများ ပြေးဆွဲခြင်းကို ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု များပြားသော မြို့များကို ကန့်သတ်ထားခြင်းနှင့် ပြည်ပလေကြောင်းလိုင်းများ ပုံမှန်ပြေးဆွဲမှု ရပ်ဆိုင်းထားရာမှ ဧပြီ ၁၇ ရက်ကစပြီး ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုအခါ ပြည်ပလေကြောင်းလိုင်း ၁၆ လိုင်း ပြေးဆွဲနေပြီး ဇူလိုင် ၂၉ ရက်အထိ မြန်မာနိုင်ငံသား အထွက် ၁၁၆၇၅၈ ဦး၊ အဝင် ၇၈၆၁၄ ဦး၊ ပြည်ပနိုင်ငံသား အဝင် ၁၉၉၆၃ ဦး၊ အထွက် ၁၈၉၇၀ ဦး ရှိသည်ကို တွေ့ရှိရပါကြောင်း။

 

နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုး

 

မိမိတို့နိုင်ငံ လူဦးရေတိုးတက်လာသည်နှင့်အမျှ စားရေးနှင့်ဝတ်ရေးသည် ပိုမိုလိုအပ်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ တစ်နှစ်လျှင် ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ် ၉၇ ပြည်ခန့် စားသုံးမှု ရှိသည့်အတွက် လက်ရှိစပါးစိုက်ပျိုးမှုနှင့် လုံလောက်မှုရှိပါကြောင်း၊ အထွက်နှုန်းတိုးတက်အောင် စီမံဆောင်ရွက်ပြီး စိုက်ပျိုးမည်ဆိုပါက တိုင်းပြည်၏ ဝင်ငွေများစွာရရှိမည် ဖြစ်ပါကြောင်း၊ စားသုံးဆီအနေဖြင့် လိုအပ်သည့် ပြည်တွင်းဖူလုံမှု မလောက်ငှသည့် အတွက် ပြည်ပမှ ပြည်ပငွေနှင့် များစွာတင်သွင်းနေရပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရန်အတွက် နေရာဒေသမရွေး ၁ ဧက ဆီထွက်နှုန်း ပိဿာ ၁၄၀ ခန့် ရရှိစိုက်ပျိုးနိုင်သည့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံး နေကြာသီးနှံ စိုက်ဧက ၁ ဒသမ ၅ သန်းကျော် စိုက်ပျိုးထုတ်လုပ်ရန်အတွက် စီမံလျာထားလျက်ရှိပြီး နေကြာစိုက် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၀၀ ဒသမ ၂၄၈ ဘီလီယံ ထုတ်ချေးခွင့်ပြုပြီး ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် မိမိတို့အစိုးရအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် ထိရောက်သည့် နည်းလမ်းများကို အသုံးပြုပြီး မြို့ပြနှင့်ကျေးလက်ဒေသအကြား ကွာဟချက် ကျဉ်းမြောင်းစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်ကို တင်ပြလိုပါကြောင်း။

 

၄၀၀ ဘီလီယံကျပ် မြှုပ်နှံ

 

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် စုစုပေါင်းစပါး စိုက်ပျိုးဧက ၁၇ ဒသမ ၃၀၆ သန်းကို စိုက်ပျိုးနိုင်ခဲ့ကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ မိုးစပါးစိုက် ဧက ၁၄ ဒသမ ၉၂၆ သန်းနှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၂၇၆ သန်းဖြစ်ပါကြောင်း၊ တိုင်းပြည်၏ အဓိကသီးနှံဖြစ်သည့် စပါး ၁ ဧက ထွက်နှုန်း ကောင်းမွန်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် နွေစပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများကို Contract Farming စနစ်ဖြင့် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်ရေးအတွက် ၄၀၀ ဘီလီယံကျပ် မြှုပ်နှံစီမံ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါကြောင်း။

 

ငြိမ်းချမ်းရေးအတွက် ၂၁ ကြိမ် ထုတ်ပြန်ခဲ့

 

လုပ်ငန်းစဉ်(၄) “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုသည့်အချက်အား ဆောင်ရွက်နေမှု အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်းသာယာမှုရှိရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၂၀၂၂ ခုနှစ်ကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထုတ်ပြန်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်မှုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်ကို တင်ပြလိုပါကြောင်း။

 

စုစုပေါင်း ၇၅ ကြိမ် တွေ့ဆုံ

 

အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့အား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ၁၈ လတာကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် EAO အဖွဲ့များ တွေ့ဆုံမှု ၉ ကြိမ်၊ ညှိနှိုင်းရေးကော်မတီဖြင့်တွေ့ဆုံမှု EAO အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် အခြားအဖွဲ့အစည်းများ စသည်ဖြင့် စုစုပေါင်း ၇၅ ကြိမ် တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ တိုင်းပြည်နှင့် ဒေသကောင်းကျိုးအတွက် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။

 

ထပ်မံတွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်

 

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိခဲ့သည်နှင့်အညီ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ရန်အတွက် မိမိအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုး ထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့မှ တွေ့ဆုံဆွေးနွေးနိုင်ရန် အကြောင်းပြန်ကြားခဲ့ရာ အဖွဲ့ ၉ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့်အဖွဲ့ ၁ ဖွဲ့ ကို ဩဂုတ်လ လဆန်းပိုင်းတွင် တွေ့ဆုံသွားရန်ရှိသကဲ့သို့ ဆွေးနွေးပြီးအဖွဲ့များနှင့်လည်း ဒုတိယအကြိမ် အမြန်ဆုံးထပ်မံတွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်ကို တင်ပြလိုပါကြောင်း။

 

သဘောတူညီချက်များကို လက်မှတ်ရေးထိုး

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်တာနှင့်ဖြစ်ချင်သည်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့သည့်အပြင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း (၃) ပါ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား (၂) ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။

 

ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်

 

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး ပထမအကြိမ်ဖိတ်ခေါ်မှုမှာ တက်ရောက်လာခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် တက်ရောက်ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ်၊ ဇွန် ၁၄ ရက်တွင် ထပ်မံဖိတ်ခေါ်ခဲ့ပါကြောင်း၊ EAO များ (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ) ကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်မှာ ဖြစ်မည်ဖြစ်ပါကြောင်း။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၃ ရက် အတွင်း နိုင်ငံတွင်းသို့ နည်းမျိုးစုံနှင့် သွင်းယူခဲ့သည့် လက်နက်များနှင့် အကြမ်းဖက်သူများ၏ ထိတွေ့ ပစ်ခတ်မှုများမှ ဖမ်းဆီးရမိခဲ့သည့် လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅၁၈၄ တောင့်၊ လက်ပစ်ဗုံး/မိုင်း မျိုးစုံ ၁၁၇၁၅ လုံး ရှိပါကြောင်း၊ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ လူအင်အားနှင့် လက်နက်၊ ခဲယမ်း အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ မှုရှိသည့် KIA၊ KNU နှင့် KNPP စသည့်နယ်မြေများတွင်သာ ဖြစ်စဉ်အများဆုံး ဖြစ်ပေါ်နေသည်ကို တွေ့ရပါကြောင်း၊ ဖမ်းဆီးရမိသည့် လက်နက်များကို စစ်ဆေးကြည့်ပါက KIA ထုတ်လက်နက်များနှင့် KNU နယ်မြေ ထိုင်း-မြန်မာ နယ်စပ်ကလာသည့် လက်နက်များပင် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တရားမဝင်ထုတ်လုပ် တင်သွင်းသည့် လက်နက်များမရှိစေရန်အတွက် အချိန်ယူဆောင်ရွက်ရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

 

တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်

 

မိမိတို့အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်မှုအပေါ် တရားမဝင်ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းကာ နိုင်ငံအတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သည်များ ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်အထိ ၁၈ လတာ ကာလအတွင်း တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံးပစ် ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ် စုစုပေါင်း ၁၄,၉၀၇ ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ ကလေးသူငယ် အပါအဝင် အပြစ်မဲ့ အရပ်သား ၃,၄၈၃ ဦး သေဆုံးခဲ့ပြီး ၃,၀၆၅ဦး ဒဏ်ရာရရှိ၍ ၄၁ ဦး ပျောက်ဆုံးမှုရှိခဲ့ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂,၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁,၃၉၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းတို့မှာ အများဆုံးဖြစ်ပွားခဲ့သည့်အတွက် အဆိုပါဒေသများအတွင်း မူလအခြေအနေများအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရား ဥပဒေစိုးမိုးမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

 

ရှာဖွေ၊ ဖော်ထုတ်နှိမ်နင်း

 

တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နှိမ်နင်းရေးကိုလည်း တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် တစ်နှစ်တာကာလတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်းမြန်မာငွေကျပ် ၉၇၀,၂၈၈ ဒသမ ၉၇၁၄ သန်း (USD ၅၂၄ ဒသမ ၄၈ သန်း)ကျော်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း မြန်မာငွေကျပ် ၅၇၆,၄၁၆ ဒသမ ၆၆၅၁ သန်း (USD ၃၁၁ ဒသမ ၅၈ သန်း)ကျော် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် ငါးလအတွင်း ဖမ်းဆီးရမိသည့်တန်ဖိုးသည် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် တန်ဖိုးထက် ထက်ဝက်ကျော် ရှိသည့်အတွက် မိမိတို့ အစိုးရလက်ထက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်အတွင်းမှ အဓိကလာခြင်းဖြစ်သည်ကို မိမိတို့ ဖော်ထုတ်ရရှိထားပြီးဖြစ်သည့်အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ယူ၊ ရောင်းချမှုများ လုံးဝမရှိသည်အထိ ရှာဖွေ၊ ဖော်ထုတ်နှိမ်နင်းနိုင်ရန် လိုအပ်မည်ဖြစ်သည်ကို တင်ပြလိုပါကြောင်း ပြောကြားသည်။

 

ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လုပ်ငန်းစဉ်(၅) “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်” ဟူသည့် အချက်အား ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ပြောကြားရာတွင် “ကျွန်တော်တို့အစိုးရ အနေနဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အစဉ်တစိုက် ဦးတည်ချက်ထားဆောင်ရွက် လျက်ရှိပါတယ်။ လုပ်ငန်းစဉ်(၁)ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်ကျန်သည်များကို ပြည့်ပြည့်စုံစုံ တင်ပြပြီး ဖြစ်ပါတယ်။

 

အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပ

 

စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အခြေခံဟာ “လွတ်လပ်ပြီးတရား မျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကမှတစ်ဆင့် ရရှိလာတဲ့ရလဒ်တွေအရ လွှတ်တော်အသီးသီးနဲ့ အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းတည်ဆောက်ပြီး နိုင်ငံတော် ယန္တရားကို လည်ပတ်ကြရပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ၊ ဒေသတွေနဲ့ နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာ အသီးသီးကို ကိုယ်စားပြုတဲ့သူတွေ ဝင်ရောက်အရွေးချယ်ခံနိုင်ဖို့နဲ့ နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပ နိုင်ဖို့ လိုအပ်ကြောင်း တင်ပြလိုပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးတဲ့ကာလကစပြီး အထွေထွေ ရွေးကောက်ပွဲ (၃) ကြိမ် ကျင်းပခဲ့ပါတယ်။ နိုင်ငံမှာ မြို့နယ် ၃၃၀ မြို့နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် နည်းပါးလာတာကို တွေ့ရပါမယ်။ ဒီမိုကရေစီစနစ် နဲ့ ရွေးချယ်ခံရပြီး ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်မယ် ဆိုတဲ့ အစိုးရတွေလက်ထက်မှာမှ ရွေးကောက်ပွဲ မကျင်းပဖြစ်လို့ ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးရတဲ့ တိုင်းရင်းသားဒေသတွေ များပြားလာတာကို သတိပြု ဖွယ်တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှိနေသေးကြောင်း တင်ပြလိုပါတယ်။

 

ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ်တွေမှာ တည်ငြိမ်အေးချမ်းမှု မရှိလို့ဆိုတဲ့ အကြောင်းပြချက်များ ရှိပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိခြင်းနဲ့ အဓိကအကြောင်းအရာကတော့ လက်နက်ကိုင် ပဋိပက္ခများရှိနေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေကို အခွင့်အရေး ပိုမိုဆောင်ရွက်နိုင်ဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့ အစိုးရအနေနဲ့ တွေ့ရှိရပါတယ်။ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားဒေသတွေနဲ့ လူထုလူတန်းစား အသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များ တရားဝင် နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို ရောက်ရှိလာဖို့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။

 

ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်

 

ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ရှိနေတဲ့နိုင်ငံရေး ပါတီ ၉၂ ပါတီကို အမျိုးအစား ခွဲခြားကြည့်တဲ့အခါမှာ (၁) နိုင်ငံရေးအယူဝါဒ၊ အယူအဆကို ကိုယ်စားပြုတဲ့ ပါတီ ၄၃ ပါတီ၊ (၂) ဒေသကိုကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီ ၃၀ ပါတီနဲ့ (၃) တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုတဲ့ပါတီ ၁၉ ပါတီဆိုပြီး သုံးမျိုး၊ သုံးစား ခွဲခြားတွေ့ရှိ ရပါတယ်။ အားလုံးဟာ ကိုယ့်အစုအဖွဲ့နဲ့ ကိုယ်ထောက်ခံမှုများ၊ ကိုယ်စားပြုမှုများရှိကြပါတယ်။ ဒီကိုယ်စားပြုမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်လုပ်ဆောင်နိုင်ရေး လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ (First Past The Post-FPTP) ရွေးကောက်ပွဲစနစ်ဟာ ပြည့်ပြည့်စုံစုံ လုံလောက်မှု မရှိတဲ့အတွက် အချိုးကျကိုယ်စားပြုစနစ် (Propor-tional Representation-PR) ကိုပါ ထည့်သွင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင် အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ကြိုတင်ပြင်ဆင်မှု၊ စီမံဆောင်ရွက်မှုတွေ ဆက်လက် ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီများကိုလည်း ရွေးကောက်ပွဲစနစ်နဲ့ဆီလျော်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြည်သူ လူထုကိုလည်း ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး ပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ချိန်၊ လုပ်ဆောင်ချိန်တွေ လိုအပ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ယနေ့ တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်နေရခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ ယခင်အစိုးရ တာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲမှာ တာဝန်ရှိသူ အသီးသီးတို့က အခြေခံဥပဒေနဲ့ တည်ဆဲ ဥပဒေတွေကိုချိုးဖောက်ခဲ့တဲ့အတွက် ဒီလိုဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တည်ထောင်စ ဒီမိုကရေစီစနစ် ညှိုးနွမ်းခဲ့ရပါတယ်။ ဒီလိုကိစ္စတွေ ထပ်မဖြစ်ဖို့လိုပါတယ်။ ဒီမိုကရေစီအနိုင်ကျင့်မှု၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ထူထောင်မှု၊ အဖွဲ့အစည်း(Institution)ထက် ပုဂ္ဂိုလ်ရေးဩဇာ ထူထောင်မှုတွေ ထပ်မံမပေါ်ပေါက်အောင် ဆောင်ရွက်ရပါမယ်။ ရွေးကောက်ပွဲတွေမှာ ကြီးမာတဲ့ မဲမသမာမှု တွေမဖြစ်အောင် ဆောင်ရွက်ရပါမယ်။ ဒီအတွက် ခုအချိန်မှာ အခြေခံအုတ်မြစ်တွေ တည်ဆောက်ဖို့ လိုပါမယ်။ အခြေခံရမယ့်အချက်တွေ ခိုင်မာဖို့ လိုပါမယ်။ ဒါတွေကိုဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုနဲ့ ပြည်ထောင်စုနိုင်ငံရဲ့ အနာဂတ်ကောင်းကျိုးကို ရည်မှန်းပြီး ကျွန်တော်တို့အစိုးရက ဆောင်ရွက်လျက် ရှိပါတယ်။

 

တပ်မတော်မှာ အဓိကတာဝန်ရှိ

 

ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်” ကို ခိုင်မာအောင် ဆက်လက်တည်ဆောက် သွားရမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာအာမခံပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအခြေခံမူ များဖြစ်တဲ့ ပုဒ်မ ၆၊ ၇၊ ၈ မှာပါဝင်တဲ့ ဒို့တာဝန် အရေးသုံးပါး၊ ပါတီစုံဒီမိုကရေစီစနစ်၊ ပြည်ထောင်စု စနစ်တို့ကို ကာကွယ်စောင့်ရှောက်ဖို့ ပုဒ်မ ၂၀(စ) အရ တပ်မတော်မှာ အဓိကတာဝန်ရှိပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် ဒီတာဝန်တွေကို ထမ်းဆောင် သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်များကို အောင်မြင်ပြီးမြောက်သည်အထိ ထမ်းဆောင်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား နောက်ထပ် ၆ လသက်တမ်းတိုး တာဝန်ထမ်း ဆောင်ခွင့်ပြုနိုင်ပါရန် တင်ပြသည်။

 

တညီတညွတ်တည်း ထောက်ခံ

 

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အချိန်ကာလ တိုးမြှင့်ပေးရန် ကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား ဆွေးနွေးကြရန် တစ်ဦးချင်း ဖိတ်ခေါ်သည်။ အဖွဲ့ဝင်များက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) ၏ လုပ်ပိုင်ခွင့်များအရလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ရန် တင်ပြမှုကို တညီတညွတ်တည်း ထောက်ခံကြောင်း ဆွေးနွေးကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် မိမိဆွေးနွေးတင်ပြခဲ့မှုများသည် ပကတိအခြေအနေများအတိုင်း တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးဆုံးချိန်ကတည်းက မဲစာရင်း ကွဲလွဲမှုများဖြစ်ပေါ်ခဲ့သဖြင့် မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း ယခင်အစိုးရအနေဖြင့် မျက်ကွယ်ပြုခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီသာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ပြီး တည်ဆဲဥပဒေများအတိုင်း လိုက်နာလုပ်ဆောင်လျက် ရှိပါကြောင်း။

 

တပ်မတော်သည်ပြည်ပရန် ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်တွင်းလုံခြုံရေးအတွက် မဟုတ်ပါကြောင်း၊ သို့သော်နိုင်ငံ၏ အခြေအနေအရ လိုအပ်လာပါက အစိုးရမှ တာဝန်ပေးအပ်လာချိန်တွင်သာ ပြည်တွင်းလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပါကြောင်း၊ ဖဆပလ အစိုးရခေတ်ကတည်းကပင် ကာကွယ်ရေးနှင့် ပြည်တွင်းလုံခြုံရေးကို တာဝန်ပေးချက်အရ ပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ၂၀၂၁ ခုနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားခဲ့မှုများကြောင့် လုပ်ဆောင်ရန် ခက်ခဲခဲ့ပါကြောင်း၊ အာဆီယံ သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်းနေခြင်း ဖြစ်သဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်၌ တိုင်းရင်းသားများ၏ အခွင့်အရေးများ အပြည့်အဝ ရရှိ၍ လွှတ်တော်၌ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈ လတာ ကာလအတွင်း နိုင်ငံတော်တာဝန်များကို အစိုးရက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေများ၊ ရှေ့ဆက်လက်လုပ်ဆောင်သွားရမည့် အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးသွားသည်ကို တွေ့ရကြောင်း၊ ပြည်တွင်း၊ ပြည်ပတားဆီးနှောင့်ယှက်မှုများ၊ အခက်အခဲများကြားမှ ကြံ့ကြံ့ခံပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် “ဒို့တာဝန် အရေး ၃ ပါး” ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို အသိအမှတ်ပြုကြောင်း၊ မိမိတို့နိုင်ငံတွင် အခက်အခဲ အကျပ်အတည်းများ၊ ကြီးမားသည့် အငြင်းပွားမှုများ ပေါ်လာသည့်အချိန်တိုင်း ရှေ့မှထွက်၍ ကာကွယ်ရပ်တည်ပေးခဲ့ခြင်းသည် တပ်မတော် ဟူသည့် ခိုင်မာစနစ်ကျသည့်အဖွဲ့အစည်း(Institu-tion)ပင်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ဖြေရှင်းပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းရန် အကြိမ်ကြိမ်တိုက်တွန်း ကြိုးပမ်း ခဲ့ကြောင်း၊ ဒီမိုကရေစီအမည်ခံ အစိုးရနှင့် တာဝန်ရှိသူများသည် ယင်းစေ့စပ်ဆွေးနွေးညှိနှိုင်း အဖြေရှာ ရေးလမ်းကြောင်းကို လျစ်လျူရှုပြီး ထင်ရာစိုင်းခဲ့ကြသောကြောင့် နောက်ဆက်တွဲအခြေအနေများ ဖြစ်လာရခြင်း ဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ် စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” အဓိကတာဝန်ရှိကြောင်း၊ ယင်းတို့သည် ဖန်တီးထားသည့် တာဝန်များမဟုတ်ဘဲ သမိုင်းကပေးလာသည့် သမိုင်း ပေးတာဝန်များသာ ဖြစ်ကြောင်း။

 

ဘက်ညီမျှတအောင် ဆောင်ရွက်ပေးနေ

 

ယနေ့ မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်က အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံ့တာဝန်များကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ခု၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂) ခုတို့နှင့်အညီ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ထို့အပြင် မြန်မာပြည်သူလူထု၏ ပြင်းပြသည့် ဆန္ဒဖြစ်သော “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်” ကို မယိမ်းယိုင်အောင် ကာကွယ်ပေးနေသည် ကိုလည်း တွေ့ရကြောင်း၊ “ပြည်သူ့ဒီမိုကရေစီစနစ်” နှင့် “အမျိုးသားဒီမိုကရေစီစနစ်”ကို ဘက်ညီမျှတ အောင် ဆောင်ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ကြီးခိုင်မာစေရေး “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” အုတ်မြစ်ကို တည်ဆောက်နေသည်ကိုလည်း တွေ့ရကြောင်း။

 

“ယုံကြည်မှုဟာ ရဲစွမ်းသတ္တိ” (Belief is Courage) ဟု ကြားသိဖူးကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အနေဖြင့် ယင်းသမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်၏လက်ရှိ အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းများအရ မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် “စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” ကို ခိုင်မာစေရေး၊ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” တည်ဆောက်ရေးတို့ကို အခြေခံမှတစ်ဆင့် ဒီမိုကရေစီ နည်းကျကျဖော်ဆောင်ပေးမည့် “လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ဖြစ်မြောက် စေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကို နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလ အား (၆)လသက်တမ်း ထပ်မံတိုးမြှင့်ပေးရန် မိမိအပါအဝင် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံးက တညီတညွတ်တည်း ထောက်ခံကြောင်း။

 

ကြေညာချက်ထုတ်ပြန်သွားမည်

 

 

ထို့ကြောင့် ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်များအရလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) ၏ လုပ်ပိုင်ခွင့် များအရလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအရ “နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထား သည့်ကာလကို ၁-၈-၂၀၂၂ ရက်မှစ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း”နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံကြောင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အနေဖြင့်လည်း ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ (တပ်မတော်) အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးရန်၊ တာဝန်ထမ်းဆောင်စဉ်ကာလတွင် နိုင်ငံအဝန်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့်စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးတို့အတွက် လုပ်သင့် လုပ်ထိုက်သည်များ အခြေခံသင့်၊ အခြေခံထိုက်သည် များကို ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်