လစ္စဘွန်း ဇူလိုင် ၃၁

 

ပေါ်တူဂီနိုင်ငံ၏ နယ်မြေ ၆၇ ဒသမ ၉ ရာခိုင်နှုန်းသည် အဆိုးရွားဆုံး မိုးခေါင်မှုနှင့် ကြုံတွေ့နေရပြီး ၂၈ ဒသမ ၄ ရာခိုင်နှုန်းသည် ပြင်းထန်သော မိုးခေါင်မှုနှင့် ကြုံတွေ့နေရကာ ကျန် ၃ ဒသမ ၇ ရာခိုင်နှုန်းသည် အသင့်အတင့် မိုးခေါင်မှုနှင့် ကြုံတွေ့နေရကြောင်း ပေါ်တူဂီ ပင်လယ်နှင့် လေထုဆိုင်ရာဌာနက ဇူလိုင် ၃၁ ရက် တွင် ပြောသည်။

 

ပေါ်တူဂီနိုင်ငံ၌ ၁၉၃၁ ခုနှစ်က မိုးခေါင်မှုနှင့်ပတ်သက်ပြီး စတင်မှတ်တမ်းကောက်ယူချိန် နောက်ပိုင်း ယခုနှစ်သည် အခြောက်သွေ့ဆုံး နှစ်ဖြစ်ကြောင်း အဆိုပါဌာနက ပြောသည်။ ပေါ်တူဂီ နိုင်ငံ၌ အဆိုပါ မိုးခေါင်မှုသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှစကာ ပြင်းထန်လာခဲ့ပြီး ဆောင်းရာသီတွင်ပင် နိုင်ငံတစ်ဝန်း ပြင်းထန်သော မိုးခေါင်မှုဒဏ်နှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

 

ထို့အပြင် ပေါ်တူဂီနိုင်ငံ၌ အလွန်ပြင်းထန်သော အပူချိန် ဆက်လက်တည်ရှိနေခြင်းကြောင့် ခရိုင်ငါးခုတွင် ဩဂုတ် ၁ ရက်အထိ ဒုတိယမြောက် အပြင်းထန်ဆုံး လိမ္မော်ရောင် အဆင့်အောက်တွင် ရှိမည်ဖြစ်ကြောင်း အဆိုပါ အင်စတီကျုက ဆက်ပြောသည်။

 

ပြည်သူများ ရေသုံးစွဲမှု လုံလောက်ရန်အတွက် ပေါ်တူဂီအစိုးရသည် စွမ်းအင်ထုတ်လုပ်မှုနှင့် ဆည်မြောင်းအတွက် ရေသုံး စွဲမှုကို စောင့်ကြည့်ရန်နှင့် ကန့်သတ်ရန် အစီအမံများ ချမှတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပေါ်တူဂီအစိုးရသည် ရေလှောင်ကန်များ နှင့် ရေလှောင်တမံများတွင် ရေစုဆောင်းမှုကို ဖြည့်တင်းရန်နှင့် ဆည်မြောင်းအတွင်း ရေချွေတာရန် တိကျသောနည်းပညာများ မြှင့်တင်ရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ