နေပြည်တော် ဇူလိုင် ၃၁

 

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီ ခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကျွဲတဲ (ရွာမ) ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းအုပ်ဆရာမကြီးရုံးခန်း တံခါးဝ၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ခြိမ်းခြောက်စာသားများ ရေးသားထားသည့် စာတစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အလားတူ မွန်းတည့် ၁၂ နာရီတွင် ပခုက္ကူမြို့နယ် ကမ္မမြို့အမှတ် (၄) ရပ်ကွက်နေ သရက်ကန် အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်ခင်မာနိုင် (၃၈) နှစ် (ဘ) ဦးဘိုဆင့်သည် မြစ်ခြေ-ကမ္မ ကားလမ်းအတိုင်း သရက်ကန် အခြေခံပညာ မူလတန်းကျောင်းမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ခင်မာနိုင်တွင် သေနတ်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သိရသည်။

 

သတင်းစဉ်