ချီကာဂို ဇူလိုင် ၃၁

 

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် မိသားစုတစ်စုတည်းမှ ကလေးငယ် လေးဦးအပါအဝင် သေဆုံးသူ ၂၅ ဦးအထိရှိလာကြောင်း ကန်တက်ကီပြည်နယ်အုပ်ချုပ်ရေးမှူး ဘီရှီယာက ပြောကြားသည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာပျောက်ဆုံးနေပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာတချို့တွင် ဝင်ရောက်ခြင်း မပြုသေးကြောင်းနှင့် သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိကြောင်း ကန်တက်ကီပြည်နယ် အုပ်ချုပ်ရေးမှူး  ဘီရှီယာက ပြောကြားသည်။

 

ကန်တက်ကီပြည်နယ်၌ ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရဖွယ်ရှိကြောင်း  ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီရှီယာ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသဆိုင်ရာမီဒီယာများက သတင်း ဖော်ပြသည်။

 

ကန်တက်ကီပြည်နယ်တစ်ဝန်းတွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းအထိ လျှပ်စစ်သုံးစွဲသူ ၁၆၀၀၀ သည် လျှပ်စစ်မီး မရရှိသေးကြောင်း ကန်တက်ကီပြည်နယ်လျှပ်စစ်ဌာနက ပြောကြားသည်။

 

ကန်တက်ကီပြည်နယ် အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တစ်ဝန်းတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဗာဂျီးနီးယားပြည်နယ်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်အတွင်းရှိ ဒေသခြောက်ခုတွင် အရေးပေါ် အခြေအနေကြေညာခဲ့ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်