ပဲခူး ဩဂုတ် ၁

ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးရှိမှသာ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နယ်မြေအလိုက် တာဝန်ပေးအပ်ထားသည့် နယ်ထိန်းများအနေဖြင့် နယ်ထိန်းလုပ်ငန်းများကို တိကျပီပြင်စွာဆောင်ရွက်ကြရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်ပါက နည်းပညာအကူအညီရယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အလိုက် မိတ်ဖက်လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ လုံခြုံရေး စီမံချက်များ ပြည့်စုံစွာ ပြန်လည်ရေးဆွဲထားရမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်မှုမရှိဘဲ မိမိတို့ဆန္ဒအလျောက် အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုလက်ခံကြရမည်ဖြစ်ကြောင်း၊  မြို့နယ်အလိုက် စစ်ဆေးရေး စခန်းများတွင် တရားမဝင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက်ခြင်း/ စီးနင်းခြင်းမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မှူးတို့က ဒေသအလိုက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များ ကိုဆွေးနွေးတင်ပြကြသည်။

         

ယင်းနောက်ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့မှူးများက မြို့နယ်အလိုက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်‌