နေပြည်တော်၊ သြဂုတ် ၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးမြောက်ရွာအနီး မုံရွာ - ယာကြီး ကားလမ်း၌ လိုင်စင်မဲ့ ထော်လာဂျီ တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၉ ရက်တွင် ကုန်တင်ယာဉ် တစ်စီးပေါ်၌  သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသည့် ကွန်ပျူတာအပိုပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၄၇၆,၇၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Nissan  Diesel Truck အမျိုးအစား (၁၂) ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဇူလိုင် ၃၀ ရက်တွင် သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ပစ္စည်းများအား ID တွင် ကြေညာထားသော ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော မော်တော်ကားအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁,၈၀၃,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော နောက်တွဲယာဉ်အပါ HINO PROFIA SH1EDX TRACTOR HEAD အမျိုးအစား ကုန်တင်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀ ) ကို လည်းကောင်း၊  မန္တလေးမှ မူဆယ်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်မှ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ကျောက်စိမ်းဟု ယူဆရသည့် တရားမဝင် ကျောက်ဖြတ်စ အကြီး/ အသေး ဆိုဒ်စုံ (၈၈၅) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၂၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Toyota Hiace အမျိုးအစား မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့က နယ်စပ်ဒေသများမှ အကောက်ခွန်စခန်းများအား နည်းလမ်းမျိုးစုံဖြင့် ဖြတ်ကျော်၍ တရားမဝင် ကုန်ပစ္စည်းများအား (၆) ဘီး ယာဉ်များဖြင့် သယ်ဆောင်နေကြောင်း သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြင်ဦးလွင်မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၆/၃) ဖာလုံခန့်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော မိုဘိုင်းလ်ဖုန်း ဆက်စပ်ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉,၉၁၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Nissan Condor အမျိုးအစား ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂,၄၄၂,၂၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၃၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာ လွှာ ID တွင် ကြေညာထားခြင်းမရှိသည့် ထီးပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁,၇၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရှမ်းပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဗထူးတပ်နယ် မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့မှ သီပေါ - နမ့်လန် - ကျောက်ဂူ - အင်တော - ရပ်စောက် ကားလမ်းအတိုင်း မောင်းနှင်လာသည့်  ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထာက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၉၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော MITSUBISHI CANTER အမျိုးအစား ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၂၉၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ သြဂုတ် ၁ ရက်တွင်  ပဲခူးတိုင်း‌ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်‌တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း တရားမဝင် ကျွန်းပါကေး အကြမ်းတုံး (၀.၉၂၈၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၂,၈၇၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၆/၃) နှင့် (၆/၄) ကြား စစ်တောင်းတံတား လုံခြုံရေးရဲကင်းရှေ့၌ Toyota Crown အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၄,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့််မှန်းတန်ဖိုးငွေကျပ် ၄,၆၁၂,၈၇၆)ကို ဖမ်းဆီးအရေးယူ‌ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍  ဇူလိုင် ၂၉ ရက်၊ ၃၀ ရက်နှင့် သြဂုတ် ၁ ရက်နေ့များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂,၅၅၃,၀၇၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်