နေပြည်တော် ဩဂုတ် ၂

 

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် စုဝေးရောက်ရှိနေသော PDF အမည်ခံ အကြမ်းဖက်သမားများကို ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရှ ရသည်။

 

ဖြစ်စဉ်မှာ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများသည် လက်ပံကျင်းကျေးရွာ၌ စုဝေးရောက်ရှိကာ အစည်းအဝေး ပြုလုပ်နေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိ ပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်သတင်း ပေးပို့ခဲ့ကြောင်း၊ လက်ပံကျင်း ကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးဆောင်ရွက်စဉ် ကျေးရွာ အတွင်းမှ PDF အမည်ခံ အကြမ်း ဖက်သမားများက ချောင်းမြောင်း စတင်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမား အလောင်းငါးလောင်း၊ လက်လုပ်သေနတ် လေးလက်၊ လက်လုပ်လက်ပစ်ဗုံး လေးလုံး၊ ခဲယမ်းအချို့နှင့်လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး သိမ်းဆည်း ရမိခဲ့သည်။

 

ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက် အသေးစိတ်စစ်ဆေးခဲ့ရာ ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့် အကွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများ အခြေပြုနေထိုင်ခဲ့သည့် စခန်းတစ်ခုအား တွေ့ရှိခဲ့ရပြီး ၎င်းစခန်းအတွင်းမှ လက်လုပ်သေနတ် ၁၃ လက်၊ လက်လုပ်စိန်ပြောင်း လေးလက်၊ ကျည်မျိုးစုံ အတောင့် ၁၄၀၀၊ လက်ပစ်ဗုံးမျိုးစုံ ခုနစ်လုံး၊ ၄၀ မမ ဗုံးသီး နှစ်လုံး၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ ဒရုန်းယာဉ်တစ်စီး၊ လမ်းလျှောက် စကားပြောစက်ရှစ်လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ်လေးစီး၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အစီး ၃၀၊ လူနေတဲ ကိုးလုံး၊ စားသောက်ဖွယ်ရာများ နှင့် ဆေးပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် ၎င်းကျေးရွာအတွင်းမှ အမျိုးသား ၄၀၊ အမျိုးသမီး ၇၃ ဦး တို့ကို တွေ့ရှိထိန်းသိမ်းရမိခဲ့သဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာတွင် နေထိုင်လျက်ရှိကာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုမရှိသူများကို ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်ဆက်နွှယ်မှု ရှိသူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာပတ်ဝန်းကျင်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်