ကီးယက် ဩဂုတ် ၂
တူကီယဲသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂတို့ ကြားဝင်ညှိနှိုင်းမှုဖြင့် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အကြား ပင်လယ်နက်မှ တစ်ဆင့် ဆန်စပါးတင်ပို့နိုင်ရေး သဘောတူညီချက်အရ ဆန်စပါးတင်ဆောင်သည့် ပထမဆုံးကုန်တင်သင်္ဘော တစ်စင်းသည် ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းမှတစ်ဆင့် ထွက်ခွာသွားပြီဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁ ရက်တွင် ပြောသည်။
ဆန်စပါးတန်ချိန် ၂၆၀၀၀ တင်ဆောင်လာသော ဆီယာရာလီယွန်းအလံတင် Razoni အမည်ရှိ အဆိုပါ ကုန်တင်သင်္ဘော တစ်စင်းသည် လက်ဘနွန်နိုင်ငံသို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ တင်ပို့နိုင်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာစားနပ် ရိက္ခာအကျပ်အတည်းကို ကာကွယ်ရန် အထောက်အကူပြုဖွယ်ရှိပြီး ယူကရိန်းနိုင်ငံ စီးပွားရေးအတွက်လည်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရှာဖွေပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ယူကရိန်းနိုင်ငံမှ တောင်သူလယ်သမားများအတွက်လည်း လာမည့်နှစ် စပါးစိုက်ပျိုးနိုင်ရေးအတွက် ပြင်ဆင်ရန် လမ်းစပွင့်လာမည်ဖြစ်သည်။ သဘောတူညီချက်အရ ပူးတွဲစောင့်ကြည့်ရေးစင်တာမှ စစ်ဆေးမှုပြုလုပ်ရန်အတွက် အဆိုပါ ကုန်တင်သင်္ဘောသည် ဩဂုတ် ၂ ရက်တွင် တူကီယဲနိုင်ငံရှိ အစ္စတန်ဘူလ်သို့ ပထမဆုံး ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ