နယူးဒေလီ ဩဂုတ် ၂

 

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာ လာပြည်နယ်၌ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှု ဖြစ်ပွားကြောင်း ဩဂုတ် ၁ ရက်တွင် ကျန်းမာရေးဝန်ကြီး ဗီနာဂျော့၏ ပြောကြားချက်ကို ကိုးကားပြီး အင်ဒီးယန်းအိတ်စ် ပရက်စ်သတင်းဌာနက ဖော်ပြထားသည်။

 

ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် သေဆုံးခဲ့သော အသက် ၂၂ နှစ်အရွယ် အဆိုပါအမျိုးသားသည် ပြီးခဲ့သည့် သီတင်းပတ်က အာရပ်စောဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။ ပြည်နယ်အစိုးရသည် အဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။ သေဆုံးသူသည် ကီရာလာပြည်နယ် သရစ်ဆာခရိုင်ဇာတိဖြစ်ပြီး နိုင်ငံရပ်ခြားမှ ပြန်ရောက်လာချိန်တွင် မျောက်ကျောက်ရောဂါ လက္ခဏာ မပြသကြောင်း၊ ၎င်း၏ ဆွေမျိုးများက ဇူလိုင် ၃၁ ရက်တွင် နိုင်ငံခြား၌ ပိုးတွေ့ရှိကြောင်း စစ်ဆေးထားသည့် အထောက်အထားကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူနှင့်အဓိက ထိတွေ့ဆက်ဆံသူအားလုံးကို စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ လေးဦးရှိပြီး သုံးဦးမှာ ကီရာလာပြည်နယ်မှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ဒေလီမှဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ