မျှော်လင့်မထားသော သဘာဝဘေးအန္တရာယ်အား ဆုံးရှုံးမှုအနည်းဆုံးဖြင့် အချိန်တိုအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်မှုသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့နေပြည်သူလူထု၏ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်
နေပြည်တော် ဩဂုတ် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇူလိုင် ၃၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များအား တပ်နယ်ခန်းမ၌ တပ်နယ်မှူးဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ မြို့တော်ဝန် ဦးကျော်ဆန်းတို့က ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှု၊ ဂဲလောင်းချောင်း ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ပျက်စီးဆုံးရှုံးမှုများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု စသည့်အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ဂဲလောင်းချောင်းအတွင်း ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုများကောင်းမွန်၍ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့သည့် အခြေအနေ၊ ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၂၁ ခုအနက် ကိုးခု ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ ရေကျချိန် ကျန်ရှိခဲ့သည့် အမှိုက်သရိုက်နှင့် အနည်အနှစ်များကို အမြန်ဆုံးရှင်းလင်းနိုင်ရေး မြို့နေပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေ၊ မြို့ဧရိယာအတွင်း ဂဲလောင်းချောင်း စီးဆင်းရာ နှစ်မိုင်ခွဲအပါအဝင် BE FALL အထိ ခုနစ်မိုင်အရှည်ကို တပ်နယ်မှ တပ်မတော်သားများနှင့် ပူးပေါင်းကာ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရမည့်အခြေအနေ၊ ပျက်စီးခဲ့သည့် ကျောင်း၊ ဆေးရုံ၊ ခြံစည်းရိုးများနှင့် နေအိမ်အချို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ပြုပြင်ရေး အမြန်ဆုံးဆောင်ရွက်ရမည့် အခြေအနေ၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက သတ်မှတ်ထားသော နှုန်းထားဖြင့် ထောက်ပံ့ပေးရန် လုပ်ဆောင်ရမည့်အခြေအနေ၊ သဘာဝဘေးအန္တရာယ် အလွန်ကာလ ဆောင်ရွက်ရမည့် နောက်ဆက်တွဲလုပ်ငန်းများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုမှစ၍ ကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်ကွက်အသီးသီးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေ၊ ရေစီးရေလာကောင်းမွန်ရေးကို နှစ်စဉ်ပုံမှန် ဆောင်ရွက်ခြင်းဖြင့် နောင်ရေကြီးရေလျှံမှုကို တားဆီးနိုင်မည့်အခြေအနေ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်ဖြစ်သော ပြင်ဦးလွင်မြို့သည် အပန်းဖြေမြို့၊ ခရီးသွားမြို့ဖြစ်၍ အမြန်ဆုံး သန့်ရှင်းသပ်ရပ်ကာ အမြန်ဆုံးမူလအခြေအနေ ပြန်ရောက်စေရေး ဆောင်ရွက်ရမည့် အခြေအနေများကို အသေးစိတ် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
လိုက်လံကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ပျက်စီးမှုများဖြစ်ပွားခဲ့သည့် ပွဲကောက်ရေတံခွန် (BE FALL)၊ ကန်တော်လေး ရေထွက်ပေါက်၊ ရေထိန်းတံခါး၊ ကန်တော်ကြီးအမှတ် (၄) ကန်နှင့် မြို့ပေါ်ရပ်ကွက်များကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အားပေးစကားပြောကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ အားကစားခန်းမ၌ ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ရေဘေးသင့်ပြည်သူ ၂၅၀ ခန့်နှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် ယခုဖြစ်ပေါ်မှုသည် ပြင်ဦးလွင်မြို့တွင် နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့၍ ရှစ်နာရီခန့်အတွင်း မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မအထိ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဂဲလောင်းချောင်း ရေကြီး၊ ရေလျှံဖြစ်ပွားမှုကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတို့ရှိ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ အဆင့်ဆင့်တင်ပြမှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖြစ်စဉ်အခြေအနေ အသေးစိတ်ကို သိရှိနေပြီး လိုအပ်သောစီမံမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ လာရောက်ခြင်းသည် နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအနေဖြင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း။

သဘာဝဘေးဒဏ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများစွာရှိပြီး သဘာဝကြောင့် ဖြစ်ပေါ်ခြင်းများရှိသကဲ့သို့ လူသားတို့၏ လုပ်ဆောင်မှုများကြောင့် ဂေဟစနစ်ပျက်ယွင်း၍ ဖြစ်ပေါ်ခဲ့သည်များလည်းရှိကြောင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊ သဘာဝသစ်တောများ အလွန်အကျွံခုတ်ထွင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်သော စက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသောလုပ်ဆောင်မှုများကြောင့် ကမ္ဘာကြီးပူနွေးရာမှတစ်ဆင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်သည် မျှော်မှန်းရန်ခက်ခဲ၍ အစိုးမရသော်လည်း၊ မိမိတို့ အစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေး အန္တရာယ်အမျိုးမျိုးအတွက် အကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း၊ ဇူလိုင် ၃၁ ရက် နံနက်စောစောပိုင်း တွင်ဖြစ်ပွားခဲ့သည့် ဂဲလောင်းချောင်းရေကြီးမှုသည် အိုးအိမ်အချို့နှင့် အုပ်ချုပ်မှု၊ ကျောင်းတို့၏ ခြံစည်းရိုးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၀၀ ကျော်ခန့်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ကယ်ဆယ် ပေးခဲ့ရကြောင်း၊ မျှော်မှန်းမထားသည့် ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့သော်လည်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ဂဲလောင်းချောင်း ရေကြီးရေလျှံမှုကို ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁ ရက် နံနက် ၉ နာရီ အထိ အချိန်တိုအတွင်း မူလအခြေအနေရောက်ရှိအောင် ဆောင်ရွက်နိုင်မှုကို တာဝန်ရှိဌာနဆိုင်ရာများပေါင်းစပ်၍ ကန်တော်ကြီး၊ ကန်တော်လေး ရေလှောင်တမံများ စနစ်တကျ ရေထိန်းသိမ်းမှု၊ ရေပိုလွှဲစနစ်များ ကောင်းမွန်မှုနှင့် ဂဲလောင်းချောင်းကို ရေစီးရေလာကောင်းမွန်အောင် ကြိုတင်ဆောင်ရွက်ထားမှုတို့ကြောင့်ဖြစ်ပြီး အလားတူ တပ်မတော်နှင့် မြို့နေပြည်သူများ ပူးပေါင်း၍ ချောင်း၊ မြောင်းများ ပိတ်ဆို့မှုများကို အပတ်စဉ် စုပေါင်းရှင်းလင်းခဲ့မှုကြောင့် ရရှိခဲ့သည့် အကျိုးတရားပင်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဂဲလောင်းချောင်းနှင့် မြို့ပေါ်ရှိ မြောင်းစနစ်များကို ရေစီးရေလာ ကောင်းအောင် ရှင်းလင်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ယခုကဲ့သို့ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ရာတွင် တစ်ဦးချင်းအနေဖြင့် ကိုယ်ပိုင်အိမ်၊ ခြံဝင်းအတွင်းင်း အပြင်များကို ကိုယ်စီတာဝမါယူဆောင်ရွက်ရန် လိုအပ်ပြီး လမ်း၊ တံတား၊ ချောင်း၊ မြောင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့က တာဝန်ယူဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိ ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်အဆင့်မှ တိုင်းဒေသကြီးအဆင့်အထိ ဆောင်ရွက်နိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးရန်လိုပြီး အခက်အခဲရှိသည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ မျှော်လင့်မထားသော သဘာဝဘေး အန္တရာယ်ကို ဆုံးရှုံးမှုအနည်းဆုံးဖြင့် အချိန်တိုအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှုသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူလူထု၏ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့်ပင်ဖြစ်ကြောင်း၊ အသိအမှတ် လည်းပြုပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မည်သို့သော သဘာဝကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်၊ လူ့ပယောဂကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်မျိုးကိုမဆို ရင်ဆိုင် ကျော်လွှားနိုင်မည်ဖြစ်၍ ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ရေဘေးသင့် ပြည်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရေဘေးသင့် ပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

ပြင်ဦးလွင်မြို့တွင် ဇူလိုင် ၃၁ ရက် နံနက် ၂ နာရီ မှ ၁၀ နာရီအထိ မိုးရွာသွန်းခဲ့ရာ မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မရှိခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင်ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုးရွာသွန်းမှုကြောင့် ဂဲလောင်းချောင်းမှာ ရေကြီးမှု ဖြစ်ပေါ်ခဲ့၍ ရပ်ကွက် ၂၁ ခုတွင် ရပ်ကွက် ကိုးခုမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး အချို့ရပ်ကွက်များတွင် လေးပေ အနက်ခန့်ထိရှိကာ အိမ်များအတွင်း ရေဝင်ရောက် ခဲ့သည်။ ဂဲလောင်းချောင်းသည် ခုနစ်မိုင် ရှည်လျားကာ မြို့ဧရိယာအတွင်း နှစ်မိုင်ခွဲခန့် ဖြတ်သန်းစီးဆင်းလျက်ရှိ၍ မြို့အတွက် အရေးပါသောချောင်းဖြစ်ကာ ရေကြီးရေလျှံမှုများ မဖြစ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး မြို့ပေါ် နှစ်မိုင်ခွဲအား ၁၀ ပေ ကျယ်၊ ၁၀ ပေအနက် ကျောက်စီမြောင်းအဖြစ် ပြုပြင်စေခဲ့ကြောင်း၊ အဆိုပါ ဂဲလောင်းချောင်းမှာ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး၊ ကန်တော်လေး ရေလှောင်တမံတို့မှ ပိုလျှံရေစီးဆင်းသည့်ချောင်းဖြစ်ကြောင်း၊ ကန်တော်လေး ရေလှောင်တမံ၏ ယခင် ရေပိုလွှဲစနစ် Spill Way မှာ ခုနစ်ပေအကျယ်၊ နှစ်ပေအနက် ရေထိန်းတံခါးလည်း သုံးပေါက်ဖြစ်ကာ ပိုလျှံရေ 210 Cubit-sec ထွက်ရှိရာမှ 525 Cubit-sec အထိ ရေပိုလွှဲနိုင်သည့် ခုနစ်ပေအကျယ်၊ ငါးပေ အနက် ရေထိန်းတံခါး သုံးပေါက်အဖြစ် ပြန်လည် ပြင်ဆင်ဆောင်ရွက်ခဲ့မှုကြောင့် ယခုကဲ့သို့ မိုးများသည့် အခြေအနေတွင် ကန်တော်လေးရေလှောင် တမံမှာ ကျိုးပေါက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် 210 Cubit-sec နှင့်သာ ထားရှိပါက တမံကျိုးပေါက်နိုင်ပြီး ကျိုးပေါက်မှုကြောင့် ပြင်ဦးလွင်မြို့၏ ဆုံးရှုံးမှုအန္တရာယ်မှာ လွန်စွာကြီးမားနိုင်ကြောင်း သိရသည်။ ယခုကဲ့သို့ ရေထိန်းတံခါးပြုပြင်နိုင်မှုကြောင့် ရေဝင်ဧရိယာ ပိုမိုရရှိကာ ရေထိန်းနိုင်မည်ဖြစ်သလို ကန်တော်ကြီး ရေလှောင်တမံ လေးခုသို့ ဝင်ရောက်လာသည့် ရေကိုလည်း မလျော့အောင် ထိန်းသိမ်းနိုင်သည့်အခြေအနေဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရေကြီးရေလျှံသည့် ရပ်ကွက်များမှ ပြည်သူများ၊ အစိုးရအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းလျက် ရပ်ကွက်အလိုက် သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်