ဩဂုတ် ၂

 

အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒရာပရာဒတ်ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ကိုးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

 

မွမ်ဘိုင်းမြို့မှ ကီလိုမီတာ ၁၀၉၄ အကွာရှိ ဂျာဘာပါမြို့ရှိ သုံးထပ်ဆေးရုံ မီးလောင်မှုဖြစ်ပွားရာ ထိုဆေးရုံတွင်  လူ ၁၅၀ ဝန်းကျင်ရှိသည်ဟု ယူဆရသော်လည်း ပိတ်မိနေသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျာဘာပါမြို့ ရဲမှူးချုပ် အာဟီလတ်ဂါက ပြောကြားသည်။

 

အဆိုပါမီးလောင်မှုဖြစ်ပွားသည့်ဆေးရုံတွင် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီး ထိုဆေးရုံပထမထပ်မှာ လုံးဝပျက်စီးသွားသည်ဟု ထိုရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

 

ထိုမီးလောင်မှုသည် လျှပ်စစ်ဓာတ်အားရှော့ခ်ဖြစ်ရာမှမီးလောင်မှုဖြစ်ပွားခဲ့ဖွယ်ရှိပြီး မီးသတ်သမားကိုးဦးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ 

 

ယင်းဆေးရုံမီးလောင်မှုကြောင့် သေဆုံးသူကိုးဦးတွင် လူနာလေးဦး၊ ဆေးရုံဝန်ထမ်းသုံးဦး၊ ပြုစုစောင့်ရှောက်သူတစ်ဦးနှင့် မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသူတစ်ဦးတို့ပါဝင်သည်။

 

မာဒရာပရာဒတ်ပြည်နယ်ဝန်ကြီးချုပ်ရှီဘာဂျေဆင်းဒ်ချိုဟန်က ထိုမီးလောင်မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်အသီးသီးတို့အား နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၆၃၃၂  ပေးအပ်သွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို