ကျိုင်းတုံ ဩဂုတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်တွင် ဩဂုတ် ၄ ရက် နံနက် ၂ နာရီခန့်က လှျပ်စစ်ရေနွေးအိုးတည်ထားရာမှ မီးပလပ်ခုံအပူလွန်ကဲ၍ မီးကူးစက် လောင်ကျွမ်းခဲ့ရာ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးပြီး အမျိုးသားတစ်ဦး မီးလောင်သေဆုံး ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်၊ စွန်တောင်းဘုရားလမ်းသွယ်နေ  ဦးအားကျွေ (ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူ)သည် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ တစ်ဆင့် မီးပလပ်ခုံအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် အိမ်ရှင် ဦးအားကျွေ အသက် (၃၅)နှစ် မီးလောင်သေဆုံးခဲ့ပြီး သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်း မြေစိုက် နေအိမ်(၁)လုံး၊ ဆိုင်ကယ် (၂)စီး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်ရာသို့ ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်ဝန်းမီးငြှိမ်းသတ်ခဲ့ရာ  ယင်းနေ့ နံနက် ၂ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)