နေပြည်တော် ဩဂုတ် ၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၃ နာရီတွင် Myanmar News Power MotorCycle Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော်ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များက Myanmar News Power MotorCycle Co.,Ltd (မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း) မှ စီးပွားဖြစ် စတင်သတ်မှတ်ပေးရန် တင်ပြမှုအခြေအနေများ၊ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ် ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ စက်မှုဇုန် ဖွံဖြိုးတိုးတက်ရေးနှင့် နေပြည်တော်အတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး၊ လွယ်ကူချောမွေ့စေရေး အလေးထားဆောင်ရွက်စေလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် Myanmar News Power Motor Cycle Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုရာ စက်ရုံအတွင်း လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု အခြေအနေများအား စက်ရုံတာဝန်ခံက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

အောင်ကိုကို(ခရိုင်ပြန်/ဆက်)