နေပြည်တော် ဩဂုတ် ၄
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲမှ (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များ ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ဦးစွာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်ခိုင်ဝင်းက အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များသည် အာဟာရချို့တဲ့မှုကို အခံစားရဆုံး အုပ်စုဖြစ်ပြီး ငယ်စဉ်ကပင် အာဟာရဆိုင်ရာအသိပညာ နည်းပါးခြင်း၊ လွဲမှားသည့် ရှေးရိုးအစား အစာ စားသုံးမှုဓလေ့ထုံးစံများ လွှမ်းမိုးလျက်ရှိခြင်း၊ အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ချက်ပြုတ် စားသုံးတတ်မှုနည်းပါးခြင်း၊ ရောဂါပိုးမွှား များ ကူးစက်ခံရခြင်း၊ ကလေးပြုစုစောင့်ရှောက် တတ်မှုအားနည်းခြင်းစသည့် အကြောင်း အချက်များစွာကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကလေးများအား မွေးစမှ အသက် ၆ လ အထိ မိခင်နို့ တစ်မျိုးတည်း သာ တိုက်ကျွေးရန်နှင့် ကလေးအသက် ၆ လ ပြည့်သည့်အချိန်မှစ၍ သင့်တော်သောဖြည့်စွက်စာ နှင့်အတူ အနည်းဆုံး ကလေးအသက် ၂ နှစ် အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြု ထားကြောင်း၊ Myanmar Demographic and Health Survey (၂၀၁၅-၂၀၁၆) ခုနှစ်အရ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးနှုန်းသည် (၅၁) ရာခိုင်နှုန်းအထိရှိလာသည်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ်သည် “Step Up for Breastfeeding, Educate and Support” ဖြစ်ပြီး “ မိခင်နို့ချို တိုက်ဖို့ရာ၊ ဝိုင်းဝန်းပံ့ပိုး ပညာပေးကာ၊ ယနေ့မှစ အရှိန်မြှင့်ပါ”ဟူ၍ မြန်မာဘာသာ ပြန်ဆိုထားကြောင်း၊ မိခင်နို့တိုက်ကျွေးခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိသည့် အတွက် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများမှ ပံ့ပိုးပေးကြရန်လိုအပ်ကြောင်း၊ အာဟာရ စောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စေ ရေးဆောင်ရွက်ရာတွင် အစိုးရဌာနများ သာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများ အားလုံး လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့မိခင်နို့တိုက် ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ်ပညာပေးဗွီဒီယိုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များသည် အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး အသက်(၆)လမှ (၅)နှစ်အောက် ကလေးများကို ဗီတာမင် “အေ” ဆေးလုံးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို အဏုအာဟာရ ဆေးဗူးများ၊ အိုင်အိုဒင်း ဆားထုပ်များနှင့် လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ရာတွင် နှစ်စဉ် ဩဂုတ်လ ၏ ပထမပတ်အား ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်၍ လည်း ကောင်း၊ ဒုတိယ ရက်သတ္တပတ်အား ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်ဖြစ်သတ်မှတ်ပြီး အင်အားပြည့် ဗီတာမင်အေဆေးလုံးများ၊ သန်ချဆေးများ တိုက်ကျွေးခြင်း၊ အာဟာရပညာပေးခြင်းများဆောင်ရွက်ခြင်း၊ တတိယပတ် အား ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အဏုအာဟာရဆေးပြားနှင့် ဗီတာမင် ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်း၊ အာဟာရပညာပေး ခြင်းများဆောင်ရွက်ခြင်း၊ စတုတ္ထ ပတ်အား အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)