နေပြည်တော်၊ ဩဂုတ် ၁၀
ဖားကန့်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် လားရှိုးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၉ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ လမ်းမပေါ်တွင် မရီရီထွေး(ခ)မိုးမိုး မောင်းနှင်ပြီး မနွဲ့နွဲ့ရီ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၂၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်း သာယာကျေးရွာနေ မအေးကြည်(ခ)မရှည် ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၂၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၃ လမ်း၊ ၁၂၇×၁၂၈ လမ်းကြား၊ အမှတ် ထထ ၃၂/၆(က)နေ မတင်တင်ရီ ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း။
ထို့အတူ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗျူဟာလမ်းတွင် ငှားရမ်းနေထိုင်သည့် စိုင်းပွန်းဆိုင် ၏နေအိမ်အခန်းသို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းအောင်မိုး၊ ဝင်းသိန်း၊ နေလင်းထွန်း နှင့် စိုင်းအောင်ဟိန်း တို့ ၅ ဦးအား တွေ့ရှိရပြီး ကတ်တမင်း သုည ဒသမ ၆၁၆ ကီလို၊ Ecstasy ဆေးပြား ၄၈၀ ၊ အဆင့်နိမ့်ဘိန်း သုည ဒသမ ၀၃ ကီလိုနှင့် ကားပါကင်တွင် ရပ်ထားသည့် Crown အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေလင်းထွန်းနှင့် ဝင်းသိန်းတို့ တည်းခိုနေထိုင်သည့် ဟိုတယ်မှ Volks Wagen Golf အမျိုးအစားမော်တော်ယာဉ်တစ်စီးကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)