မြစ်ကြီးနား ဩဂုတ် ၁၀
ကချင်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရန် (၄၉၉၀၀၀)ကျော် လျာထားစိုက်ပျိုးခဲ့ရာ ဇူလိုင်လကုန်အထိ (၄၃၀၀၀၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကာ ဩဂုတ်လ ဒုတိယပတ်ခန့်တွင် လျာထားချက် ရာခိုင်နှုန်းပြည့် စိုက်ပျိုးပြီးစီးနိုင်မည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားပြီး စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စံပြကွက်များ စိုက်ပျိုးပြသခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများနှင့် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ယခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုးများ၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်ဆီးခဲ့သည့် မိုးစပါးဧက (၁၉၂၃) ရှိကြောင်းနှင့် အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် အညီ ကူညီထောက်ပံ့ပေးနိုင်ရေး တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)