မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၁၂

 

ထားဝယ်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၁ ရက် နံနက် ၇ နာရီတွင် ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာ အုပ်စု၊ ပေါက်တိုင်းကျေးရွာရှိ တံတားစစ်ဆေးရေးဂိတ်တွင် ဇော်လွင်လေး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၁,၄၈၀ ၊ အိုက်စ် သုည ဒသမ ၀၆ ကီလိုနှင့် မြန်မာငွေကျပ် ၁ ဒသမ ၀၅ သိန်းတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းအောင်လှ(ခ) စိုင်းအောင်လတ် မောင်းနှင်လာသည့် TOYOTA AVANZA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကိုလည်း ကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နား စခန်းတွင် ဇင်မင်းထွန်းကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)