ရန်ကုန် ၊ ဩဂုတ် ၁၂

 

ကျွဲ၊ နွားတို့တွင်ဖြစ်ပွားတတ်သော နယ်စပ်ဖြတ်ကျော် အရေပြားအကျိတ်နာရောဂါ ကြိုတင် တားဆီး ကာကွယ်နိုင်ရေးနှင့် မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိစေရေး ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  တိုက်ကြီးမြို့နယ် ဥက္ကံမြို့ပန်းပင်တန်းအုပ်စုရှိ သင်အင်းကျေးရွာ၌ ယမန်နေ့က အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

အသိပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာတိုးမင်းထွန်းက အိန္ဒိယနိုင်ငံတွင် ဇူလိုင်လ နောက်ဆုံးအပတ်က ကျွဲ၊ နွားများတွင် အရေပြားအကျိတ်နာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုရှိခဲ့ပြီး ထိုရောဂါ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုမရှိစေရေးနှင့် ထိုရောဂါကို သယ်ဆောင် လေ့ရှိသော မှက်၊ ခြင်တို့မှတစ်ဆင့် ကူးစက်မှုမရှိစေရေး၊ ကျွဲ၊ နွားများလွှတ်ကျောင်းခြင်းနှင့် တင်းကုတ်အတွင်းထားရှိစဉ် ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာဆောင် ရွက်နိုင်စေရေး၊ ကာကွယ်ခြင်းနှင့် ကုသမှုတွင် ကူးစက်မှုမြန်သောရောဂါများကို ကြိုတင်ထိန်းချုပ် ရာ၌ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်နိုင်ရေး၊ ကျွဲ၊ နွားတို့တွင် ရောဂါခံစားနေရသည်ဟု သံသယ ရှိပါက သက်ဆိုင်ရာ မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အချိန်မီအသိပေးရေးနှင့် ရောဂါကူးစက်မှ ကာကွယ်ဆေးထိုးနှံခြင်းထက် ကြိုတင်ကာကွယ် ဆေးထိုးနှံမှုတွင် ပူးပေါင်း ပါဝင်မှုဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို မျှဝေခံစားနိုင်စေရေးတို့နှင့် စပ်လျဉ်း၍ အသိပညာ ပေးပြောကြားသည်။

 

ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ(Lumpy Skin Disease)သည် ၁၉၂၉-ခုနှစ်တွင် ဇမ်ဘီယာ နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၉-ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့၌ ဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့သော်လည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါ အိန္ဒိယနိုင်ငံတွင် ထပ်မံဖြစ်ပွားလာသောကြောင့် နယ်စပ်ဖြတ်ကျော်ရောဂါတစ်ခုအဖြစ် ကူးစက်မှုမရှိစေရန်နှင့် ရောဂါပိုးကူးစက်သော မှက်၊ ခြင်၊ ယင်၊ မွှားတို့ကို အထူးသတိပြုကာကွယ်နိုင်ရန် တောင်သူတို့အား မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက အထူးသတိပေး နှိုးဆော်လျက်ရှိသည်။

 

အဆိုပါ အသိပညာပေးနွေးနွေးပွဲတွင် မွေးမြူရေးတောင်သူများ ကျွဲ၊နွား၊ဆိတ် အစာစားရိတ် လျှော့ချနိုင်မှုဖြင့် ပိုမိုအကျိုးဖြစ်ထွန်းစေရန်၊ အာဟာရဓာတ်ကြွယ်ဝသော နေပီယာ၊ မွန်ဘားဆား၊ မူလာတိုနှင့် ဒက်စ်မန်းသပ်စ်မြက်တို့ကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြက်များကိုအခမဲ့ ဖြန့်ဝေပေးနေမှုနှင့် အရည်အသွေးမြင့်သော တိရစ္ဆာန် အစာပင်များဖူလုံစေရန်၊ ထုတ်လုပ်မှု အရည်အသွေးကောင်းမွန်သော မွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်ဝင်ငွေကွာခြားမှုကို လျော့ချနိုင်စေမည့် ကောင်းမွန် သော စိုက်ပျိုးမွေးမြူရေး နည်းစဉ်တို့ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် စသည့် အကြောင်းအရာများကိုလည်း ဖြည့်စွက်ဆွေးနွေးခဲ့သည်။

 

တိုက်ကြီးမြို့နယ်တွင် ကျွဲ၊ နွားကောင်ရေ ၃၅၈၂၀ ရှိပြီး နယ်စပ်ဖြတ်ကျော် ကျွဲ၊ နွားများ အရေပြား အကျိတ်နာရောဂါကင်းဝေးစေရန်  တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျေးရွာ ပေါင်း ၁၂ ရွာကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

ညိမ်းသူ ( သတင်းစဉ် )