ကမ္ဘောဒီးယား၌ ယခုနှစ် ပထမခုနစ်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် သံသယရှိသူ ၉၁၅၁ ဦး ဖမ်းဆီးရမိ

 

ဖနောင်ပင် ဩဂုတ် ၁၅

 

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမခုနစ်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် သံသယရှိသူ ဖမ်းဆီးရမိမှုနှင့် တရားမဝင် မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှု နှစ်ရပ်လုံး  သိသိသာသာ မြင့်တက်လာကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဌာန (အေဒီပီ) က ဩဂုတ် ၁၃ ရက်တွင် ပြောသည်။

 

ကမ္ဘောဒီးယားအာဏာပိုင်များသည် ယခုနှစ် ဇန်နဝါရီနှင့် ဇူလိုင်လကြားတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် သံသယရှိသူ ၉၁၅၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခင်နှစ်က အလားတူကာလတွင် ၇၈၇၆ ဦးသာ ဖမ်ဆီးမှု ရှိခဲ့သည့်အတွက် ယခုနှစ် တွင်  ၁၆  ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ထို့အပြင် ယခုနှစ်တွင် တရားမဝင် မူးယစ်ဆေးဝါး ၃ ဒသမ ၂၇ တန်ကို သိမ်းဆည်းရမိကြောင်းနှင့် ယခင်နှစ်က အလားတူကာလတွင် ၉၆၃ ကီလိုဂရမ်သာ သိမ်းဆည်းမှုရှိခဲ့သည့်အတွက် ယခုနှစ်တွင် ၂၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း သိရသည်။ ယခုနှစ်တွင် သိမ်းဆည်းရမိသည့်  မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ၊ စိတ်ကြွဆေး၊ ကိုကင်း၊ ခရစ္စတယ် မက်သာဖက်တမင်းစသည့် ဆေးဝါးများ ပါဝင်ကြောင်း သိရသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်သည် တရားမဝင်မူးယစ်ဆေးဝါး ကို ညီညီညွတ်ညွတ်ဖြင့် ဦးစားပေးတိုက်ဖျက်ရန် တောင်းဆိုထားသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည်  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်ချမှတ်ခြင်းမရှိကြောင်း၊ သို့သော်လည်း ၎င်းနိုင်ငံ၏ မူးယစ်ဆေးဝါး ဥပဒေအရ  တရားမဝင်မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ကျော်သော ရောင်းဝယ်ဖောက်ကားသူကို ပြစ်မှုထင်ရှားကြောင်း တွေ့ရှိလျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။

 

ဆင်ဟွာ