နေပြည်တော် ဩဂုတ် ၁၅

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များမှ သိသင့်သိထိုက်သည့် အချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဦးစီးဌာန (ရုံးချုပ်) များ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများအား ထပ်ဆင့်အသိပေး ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

 

ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိုင်ငံတော်က လက်ရှိမူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစဉ်များကို နားလည် သဘောပေါက်ရန်နှင့် မိမိတို့ဒေသအသီးသီးတွင် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ပေးအပ်လာသော တာဝန်များကို အပြည့်အဝ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုလို မှာကြားရခြင်း ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အချိန်မရွေးကျ ရောက်နိုင်၍ ကြိုတင် ပြင်ဆင်ထားကြရန် လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ထောက်ပံ့ခြင်း၊ နည်းပညာ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်သည်ဖြစ်ရာ ပရဟိတဂေဟာ/ ရိပ်သာများတွင် လက်ခံစောင့်ရှောက်ထားသည့် ထိခိုက်လွယ် အုပ်စုဝင်များ၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး၊ အနိမ့်ဆုံးရှိရမည့် စံနှုန်းသတ်မှတ်ချက် များနှင့် ကိုက်ညီစေရေး၊ မြေနေရာပိုင်ဆိုင်မှု အပါအဝင် ခွင့်ပြုချက်မရှိဘဲ တည်ထောင်လည်ပတ်နေသည့် ဖြစ်စဉ်များကို သတ်မှတ်ချက်များနှင့် ညီညွတ်စေရေး တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက် သွားကြရန်နှင့် အခက်အခဲများရှိပါက ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 

မိမိတို့ဌာနဝန်ထမ်းများအနေဖြင့်လည်း ကျရာတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ရှိနေသည်ဖြစ်ရာ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရန် အသင့်ရှိနေသည့်အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြရန် တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဌာနမှဆောင်ရွက်လျက်ရှိသော Quick Win Project များအနက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သည့် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့် (၂၀၂၂) ရေးဆွဲခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ရေးဆွဲအတည်ပြုခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် အနိမ့်ဆုံးရှိရမည့် စံသတ်မှတ်ချက်များရေးဆွဲမည့်စီမံချက်များ ရေးဆွဲခဲ့မှု အခြေအနေများကို ဆွေးနွေးပြောကြားပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို ဖတ်ကြားရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းတိုးတက်မှု အခြေအနေများ၊ လမ်းညွှန်မှု ခံယူလိုသည့်အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်