နေပြည်တော် ဩဂုတ် ၁၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) သို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆးသည်။
ဦးစွာ ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က အကြီးအကဲများ လမ်းညွှန်ထားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများနှင့် ကျောင်းသား / ကျောင်းသူများ ကျောင်းတက်ရောက်မှု၊ စာမေးပွဲဖြေဆိုပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များကို တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီးကြပ်သွားရန်၊ ဆရာ / ဆရာမများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် သင်ကြားရေးတာဝန်များကို အောင်မြင်စွာသင်ကြားပို့ချနိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်၊ လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စရပ်များကိုလည်း အစဉ်အမြဲသတိပြု နေထိုင်သွားကြရန် မှာကြားခဲ့ပြီး ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကို စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ စာကြည့်တိုက်အသစ် ပြောင်းရွှေ့ထားမှု၊ Motivation Room ဆောင်ရွက်နေမှု၊ ပထမနှစ်ကျောင်းသားများအား ရေကူးသင်ကြား ပေးနေမှု၊ ကျောင်းသား ကျောင်းသူများအတွက် Fitness Centre ပြင်ဆင်ထားရှိမှု၊ Laboratory အခန်းများပြင်ဆင်ထားမှု၊ အလုပ်ရုံနှင့် Towing Tank အဆောင်များတွင် လုပ်ငန်းဆောင်ရွက်နေမှု၊ ဘောလုံးကွင်းအကြီးစား တည်ဆောက်နေမှု၊ တက္ကသိုလ်ဝင်းအတွင်းရှိ ပလက်ဖောင်း ခင်းကျင်းနေမှုနှင့် ကျောင်းသား / သူများအတွက် အဆောင်တည်ဆောက်မည့်နေရာ အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား မှာကြားသည်။
သတင်းစဉ်