ချရီကာ ဩဂုတ် ၁၆
အာဖဂန်နစ္စတန်နိုင်ငံ ရှင်ဝရီခရိုင် နှင့် နိုင်ငံအရှေ့ပိုင်း ပါဝမ်ပြည်နယ်ရှိ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ၁၇ ဦးထက်မနည်း သေဆုံးကြောင်း ခရိုင်အကြီးအကဲဖြစ်သူ မူလာခမ်း မိုဟာမက် က ဩဂုတ် ၁၅ ရက်တွင် ပြောသည်။
ထို့အပြင် အဆိုပါဒေသများမှ အိမ်ပေါင်းများစွာသည် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ရေစီးနောက်မျောပါမှု ဖြစ်ပွားကြောင်းလည်း သိရသည်။
ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပွားကာ ရှင်ဝရီခရိုင်တွင် ၁၃ ဦး သေဆုံးပြီး၎င်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဆီဂတ်ခရိုင်တွင် လေးဦးသေဆုံးကြောင်းနှင့် ရွာသားများစွာလည်း ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူက ပြောသည်။
သို့သော်လည်း သေဆုံးသူနှင့် ထိခိုက်ပျက်စီးသည့် ပိုင်ဆိုင်မှု တိကျသည့် အရေအတွက်ကို ထုတ်ပြန်ထားခြင်း မရှိပေ။ အာဖဂန်နစ္စတန် နိုင်ငံတွင် ပြီးခဲ့သည့်လကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ဆင်ဟွာ