ဩဂုတ် ၁၆

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့တွင် ယမန်နေ့ညနှောင်းပိုင်းက အဆောက်အအုံတစ်လုံးပြိုကျခဲ့ပြီးနောက် တစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက မီဒီယာကို ယနေ့တွင် ပြောကြားသည်။

 

ထိုပြိုကျအဆောက်အအုံသည် ဆောက်လုပ်ဆဲဖြစ်သော လေးထပ်အဆောက်အအုံဖြစ်ပြီး ယင်းအဆောက်အအုံပြိုကျမှု ကြောင့် အပျက်အစီးများအောက်တွင်  ၁၁ ဦးပိတ်မိနေခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

 

ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးအဖွဲ့များသည် ထိုပြိုကျသည့်နေရာသို့ရောက်ရှိပြီး ပစ္စည်းကိရိယာများ အသုံးပြုကာ အပျက်အစီးများကိုဖယ်ရှားပြီး ကယ်ဆယ်ရေးလုပ်ငန်းစတင်လုပ်ဆောင်ခဲ့သည်ဟု ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

အဆိုပါကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီးနောက် ပိတ်မိနေသူအားလုံးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ ၎င်းတို့အနက် အသက် ၂၇ နှစ်အရွယ်ရှိသူတစ်ဦးသည် ကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

သေဆုံးသူအပါအဝင် ထိခိုက်မိသူအများစုသည် ထိုအဆောက်အအုံဆောက်လုပ်ရေးအလုပ်သမားများဖြစ်ကြောင်း ဒေသန္တရမီဒီယာ၏ဖော်ပြချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို