တာချီလိတ် ဩဂုတ် ၁၆

မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဩဂုတ် ၁၇ ရက်မှစတင်ပြီး ကျပ်၊ ဘတ်ဖြင့် နိုင်ငံခြားငွေ တိုက်ရိုက်ပေးချေသည့် ဘဏ်အကောင့်ဖွင့်လှစ်၍ အသုံးပြုနိုင်မည့် ဝန်ဆောင်မှုကို စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်လွှဲ ပို့ငွေနှင့် ပို့ကုန်ပြန်ရငွေ အားလုံးကို ဘဏ်စနစ်ဖြင့် သွားမည်ဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်၊ ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုအတွက် မေလမှစတင်ကာ ဧရာဝတီ တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်ကို သတ်မှတ်၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ မြန်မာ့စီးပွားရေးဘဏ်ကို Designated Bank အဖြစ် ထပ်မံသတ်မှတ်ခြင်း ဖြစ်ကြောင်း” မြန်မာ့စီးပွားရေးဘဏ်(ရှမ်းပြည်နယ်ရုံး) ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ပြောပြသည်။

“ဩဂုတ် ၁၇ ရက်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ် (တာချီလိတ်)တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ဘတ်ငွေစာရင်းနှင့် ကျပ်ငွေစာရင်း အကောင့်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းဖွင့်လှစ်ရန်အတွက် သက်တမ်းရှိသော ပို့ကုန်သွင်းကုန် လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်စာရင်း၊ ကုမ္ပဏီအစည်းအဝေး မှတ်တမ်း၊ ဘတ်ငွေပေးသွင်းမည် ဆိုပါက နိုင်ငံခြားသုံးငွေရရှိသော အထောက်အထား၊ စာရင်းဖွင့် လျှောက်လွှာနှင့်အတူ ထိုင်းဘတ်ငွေ ၁၀၀ (သို့မဟုတ်) ၎င်းနှင့်ညီမျှသော ကျပ်ငွေဖြင့် စာရင်းဖွင့်လှစ်နိုင်ကြောင်း” ၎င်းက ဆက်လက်ပြောပြသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး၊ မြိတ်၊ မောတောင်နှင့် မဲဆောက်မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပြီး အများစုအနေဖြင့် မြဝတီမှ တစ်ဆင့် တင်သွင်း၊ တင်ပို့ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)