အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၇

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေး ကော်မတီမှ အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲ ဖြတ်ရေးဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် သူနာပြုသင်တန်းကျောင်း(နေပြည်တော်) ကျင်းပသည်။

 

အစီအစဉ် ပထမပိုင်းတွင် အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 

ထို့နောက် အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန အတွင်းသို့ လှည့်လည်ကြည့်ရှု ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

 

ယင်းနောက် အစီအစဉ်ဒုတိယပိုင်းကို အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)နှင့် ပူးပေါင်းဆောင်ရွက် နေသည့် ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ ရေးဆွဲပြုစုထားသည့် အကူသူနာပြု အလုပ်အကိုင်အတွက် စစ်ဆေးအကဲဖြတ်ပေးမည့် Assessment Center ကို နေပြည်တော်တွင် ပထမဆုံးအနေဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

 

ယခုဆိုလျှင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အကူသူနာပြု အပါအဝင် အလုပ်အကိုင် (၁၀) မျိုးအတွက် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၁၄) ခုကို အသိအမှတ်ပြုပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဖွဲ့စည်းထားပြီး Nurse Aid (Level-2) အလုပ်အကိုင်နှင့် Elderly Care Assistant (Level-2) အလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲ၍ Trial Test များ ပြုလုပ်နိုင်ခဲ့ကာ ယခု Nurse Aid (Level-2) အလုပ်အကိုင် အတွက်ပထမဆုံးရရှိသည့် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဌာနဖြစ်ပါ ကြောင်း၊ ယင်းအလုပ်အကိုင် နှစ်ခုအတွက် Inspector (၂)ဦးနှင့် Assessor (၁၁) ဦးတို့ကို အသိ အမှတ်ပြုပေးထားပြီး ဖြစ်ကြောင်း၊ NSSA အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကကျန်းမာရေးကဏ္ဍတွင် လိုအပ်နေ သည့် အရည်အသွေးပြည့်မီသော အခြေခံကျွမ်းကျင်လုပ်သားကောင်းများ ပေါ်ထွက်လာနိုင်ရန် ကျွမ်းကျင် လုပ်သားများကို မွေးထုတ်နေသည့် သင်တန်းကျောင်းများနှင့် ကျွမ်းကျင်လုပ်သားများကို  အရည်အသွေးပိုင်းဆိုင်ရာစိစစ်မှုများ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးများတွင် တဖြည်းဖြည်း မြှင့်တင်ဆောင်ရွက်သွားရန် လွန်စွာအရေးကြီးပါကြောင်း၊ ထိုသို့ စိစစ်ရာတွင် အကူသူနာပြု သင်တန်းများကို ပုဂ္ဂလိကကဏ္ဍမှလည်း ဖွင့်လှစ်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီး ဌာန၊ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု"စံ"သတ်မှတ်ရေးကော်မတီတို့မှ ဝိုင်းဝန်းထိန်းကျောင်း ရန်လိုပါကြောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျင့်ဝတ်များကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်း၍ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင် ရွက်နိုင်ကြပါစေ‌ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

 

ထို့နောက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံသို့ အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် NSSA ၏ အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ရေးဌာန အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)