မင်းလှမြို့နယ်တွင် ချည်မျှင်ရှည်ဝါ တိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်စံပြကွက်၊ စမ်းသပ်ကွက်ဧရိယာများ အတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးထောက်ပံ့ပေးအပ်

အထက်မင်းလှ ဩဂုတ် ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါ တိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်စံပြကွက်၊ စမ်းသပ်ကွက် ဧရိယာများအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း အောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝါစိုက် တောင်သူများထံ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးခဲ့သည်။

 

မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်‌‌ရှည်ဝါစိုက်ပျိုးမည့်ဧက (မိုး)၃၀၀ ဧက၊ မိုးနှောင်း ၂၂၀၀၀ ဧက၊ စုစုပေါင်း (၂၂၃၀၀) ဧကနှင့် ဝါကြီး (၂၄၄၆)ဧက စုစုပေါင်း (၂၄၇၄၆)ဧက စိုက်ပျိုးမည်ဖြစ်ရာ မိုးနှောင်းချည်မျှင်ရှည်ဝါ တိုးချဲ့ဧရိယာ(၈၉၂)ဧကအတွက် ကျေးရွာ(၄)ရွာမှ တောင်သူ(၂၀၃)ဦးထံသို့ တစ်ဧကလျှင် ကွန်ပေါင်းဓာတ်မြေဩဇာ (25 kg)နှုန်းဖြင့် စုစုပေါင်း(၄၄၆) အိတ်၊ ပိုးသတ်ဆေး(၈၉၂)ထုပ်၊ မျိုးစေ့ထုတ်စံပြကွက်(၂၅)ဧကနှင့် ပိဿာ တစ်ထောင်ထွက်ရှိရေး စံပြကွက်(၆၀)ဧကအတွက် ကျေးရွာ(၃) ရွာမှ တောင်သူ(၃၀)ဦးထံသို့ ဓာတ်မြေဩဇာ(၈၅)အိတ်နှင့် ပိုးသတ်ဆေး(၈၅)ထုပ်အား ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)