ပဲခူး ဩဂုတ် ၁၉

         

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုရှိ GW-11 မျိုး စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်း နေမှုကိုလည်းကောင်း၊  ရေတာရှည်မြို့နယ်၊ ညောင်ပင်ကိုင်း-ပိတောက်ခင်-ရွာသစ်လမ်း အရှည် (၁)မိုင် ကွန်ကရစ် လမ်းခင်းနိုင်ရေး အောက်ခြေအမာခံ လမ်းဆောင်ရွက် နေမှုကို လည်းကောင်း ၊တောင်ငူမြို့၊ မြို့ရှောင်လမ်း(၄မိုင်၄ဖာလုံ) ဖောက်လုပ်နေမှုနှင့် မဟင်ကျေးရွာ ကုန်ထုတ်လမ်း(၂)မိုင်နှင့်(၄ ဒသမ ၂၁)ဖာလုံ ဖောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိပြီး နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်(၃)သီးစိုက်မျိုးမည့် လယ်မြေများတွင် မိုးစပါး အချိန်မီ စိုက်ပျိုးထားရှိမှုများကွင်းဆင်းစစ်ဆေးရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ မှာကြားကာ ဖြူးမြို့၊ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုရန် ငွေကျပ်(၁၀) သိန်း ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောက်တံခါးမြို့နယ်၊ အောင်မြင်ကျေးရွာအုပ်စုရှိ ဆင်းသုခမျိုးသန့်မျိုးစေ့ထုတ် ဧက (၄၀) စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို လည်းကောင်း၊  ကျွန်းကုန်းကျေးရွာ၌ ဒေသကြက်ကောင်ရေ(၂၀၀၀) မွေးမြူထားရှိမှုကိုလည်း ကောင်းကြည့်ရှု အားပေးပြီး တိရစ္ဆာန်အစာနေဗီယာမြက စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

 ဆက်လက်၍ ညောင်လေးပင်မြို့ ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် ရွာသစ်ချောင်း ပြန်လည်တူးဖော် နိုင်ရေးတွက်ချက်တင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)