တန့်ယန်း ဩဂုတ် ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ဝိန်းမိုင်ကျေးရွာအုပ်စု၊ ဝိန်းမိုင်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဝိန်းမိုင်ကျေးရွာသည် ယခင်က ရွာတွင်းလမ်းများမှာ မိုးရာသီရောက်တိုင်း ချိုင့်ခွက်များ၊ ရွှံ့စေးများကြောင့် သွားလာရေးခက်ခဲခဲ့ကြောင်း၊ ယခုအခါ အရှည် ၇၈၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ၊ ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေကျပ် ၅၇ သိန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၇ သိန်းဖြင့်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းထံမှ သိရသည်။

 

တန့်ယန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဝိန်းမိုင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ရွာ၌ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၂ ခု၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ ရေကာတာတည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ၅ ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၂၀ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီလာ(ကျေး/လက်)