ကျောက်ဆည် ဩဂုတ်-၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာတွင် အခြေခံလျှပ်စစ် သံဂဟေဆက်နည်း သင်တန်းဆင်းပွဲကို ဩဂုတ် ၁၉ ရက်က အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက သင်တန်းသားများအတွက် အလုပ်အကိုင်အဆင်ပြေစေပြီး မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်စေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးနိုင်ရန် အခြေခံ လျှပ်စစ်သံဂဟေဆက်နည်းပညာများ စနစ်တကျ သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် လိုအပ်သည့်နည်းပညာများရှိပါက ဆက်လက်ကူညီပေးသွားမည်ဖြစ်ကာ လုပ်ငန်း ထူထောင်လိုသူများအတွက် စက်ပစ္စည်းများကို ဆက်စပ်ဦးစီးဌာနများနှင့်ချိတ်ပေးပြီး လုပ်ငန်းမှတ်ပုံများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား အောင်မျိုးဇော်အား သင်တန်းနည်းပြဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံလျှပ်စစ်သံဂဟေဆက်နည်း သင်တန်းကို ဇူလိုင် ၂၁ ရက်နေ့မှ ဩဂုတ် ၁၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရွှေလေး၊ အင်တိုင်း၊ အရှေ့ငယ်တိုး ကျေးရွာများမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကာ သံဂဟေဆက်နည်းအမျိုးမျိုးနှင့် တိုင်းထွာဖြတ်တောက်နည်းများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)