ဆင်ခြင်မှု

လူတစ်ယောက်အနေနဲ့ အသက်အရွယ်၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ စဉ်းစားဆင်ခြင်မှုတွေ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရလာတဲ့အခါ မိမိကိုယ်မိမိ ပြန်ပြီးဆင်ခြင်မိတတ်ကြပါတယ်။ ပြန်ပြီးဆင်ခြင်မိတဲ့အထဲမှာ ကိုယ့်ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရာမှာ ဘယ်ဟာတွေက မှန်ခဲ့လဲ၊ ဘာတွေမှားခဲ့လဲဆိုတဲ့ ဆင်ခြင်စရာလည်း ပါပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့တစ်လျှောက် ကိုယ့်အတွက်၊ အများအတွက် အကျိုးဖြစ်အောင် လုပ်နိုင်ခဲ့တာတွေရှိသလို တစ်ဖက်မှာလည်း ဘယ်သူကိုမျှ အကျိုးမပြုတာတွေ၊ ဒါမှမဟုတ် အခြားသူတွေအပေါ် အကျိုးပျက်စီးစေတဲ့ မှားယွင်းမှုတွေ တွေ့ရပါတယ်။ မှားယွင်းတဲ့အပြုအမူတွေထဲမှာမှ အချိန်မီပြင်ဆင်နိုင်တာတွေလည်းရှိသလို အချို့အပြုအမူတွေကတော့ ပြင်ဆင်လို့မရနိုင်အောင် ခက်ခဲတာ၊ အချိန်နှောင်းသွားတာနဲ့ အခြေအနေမပေးတော့တာတွေကြောင့် နောင်တရစရာတွေလည်း တွေ့မိပါတယ်။ အဲဒီလိုဖြစ်စဉ်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူးပေါ့။

ဒီလိုအခြေအနေတွေဆိုတာ ဖြစ်တတ်တဲ့ သဘောဆိုပေမယ့် ကိုယ့်အနေနဲ့ အထက်ကပြောခဲ့သလိုပဲ အသက်အရွယ်၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ စဉ်းစားဆင်ခြင်မှုတွေ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ရလာတဲ့အခါ မြင်မိ၊ ဆင်ခြင်မိတာလည်းရှိရဲ့၊ မမြင်မိ၊ မဆင်ခြင်မိတာတွေလည်းရှိရဲ့။ အသက်အရွယ်ငယ်စဉ်က မှားခဲ့တဲ့အမှားတွေကို တစ်ခါတစ်ခါ ပြန်စဉ်းစားမိရင် ရယ်စရာတွေလည်း ပါပါသေးတယ်။ အချို့ကိစ္စတွေမှာတော့ ငါဒီလိုမလုပ်ခဲ့သင့်ဘူးလို့ တွေးမိတော့ နောင်တရမိတာတွေလည်း ရှိပါတယ်။ ဪ .. အရင်တုန်းကများဒီလိုတွေးတတ်ခဲ့ရင် ဆောင်ရန်၊ ရှောင်ရန်တွေကို ဆင်ခြင်နိုင်ခဲ့မှာပဲလို့ တွေးမိပါတယ်။ မိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့အသိ အားနည်းခဲ့လို့လည်း ဖြစ်မှာပေါ့။ ဒါကြောင့် အချို့ကိစ္စတွေဆို မမှားသင့်ပဲမှားခဲ့တာ၊ လုပ်သင့်တာကို မလုပ်နိုင်တာ၊ ဘဝဆုံးဖြတ်ချက် လွဲချော်တာတွေ ကြုံခဲ့ရပြီးပါပြီ။ အဲဒီထဲကမှ ယူသင့်တာယူ၊ ပြင်သင့်တာပြင်၊ ပြောင်းသင့်တာပြောင်း လုပ်နိုင်မယ်ဆိုရင် ကျန်တဲ့ဘဝခရီးကို တည့်တည့်မတ်မတ် လျှောက်နိုင်မယ်ထင်ပါရဲ့။

အမှားမကင်းတတ်ကြ

လူတိုင်းဟာ စင်းလုံးချော မကောင်းနိုင်ဘူးဆိုတဲ့ စကားရှိပါတယ်။ အပြစ်အနာအဆာ၊ အမှားအယွင်း ရှိတတ်တဲ့ သဘောလို့မြင်ပါတယ်။ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့တဲ့သူဟာ ဘာကိုမှ မလုပ်ခဲ့တဲ့သူပဲလို့ ရုစဘဲ့က ပြောဖူးပါတယ်။ သဘောကတော့ အလုပ်လုပ်ရင်တော့ အမှားရှိတတ်ကြမှာပဲလို့ ဆိုတာပါ။ လက်တွေ့မှာလည်း အမှားဆိုတာက လူတိုင်းနဲ့မကင်းနိုင်တဲ့ သဘာဝတစ်ခုပါပဲ။ လူတိုင်း အမှားတွေ့ကြုံဖူးကြမယ်လို့ မဆိုနိုင်ပေမယ့် အများစုကတော့ ကြုံဖူးကြပါတယ်။ ကိုယ်တိုင်လည်း ဘဝတစ်လျှောက် အနည်းနဲ့အများ ကြုံခဲ့ရပြီးပါပြီ။ အဲဒီကြုံတွေ့ခဲ့ဖူးတဲ့ အမှားတွေမှာ ကြီးကြီးမားမားအမှား၊ သေးသေးမွှားမွှားအမှား ဆိုတာတော့ ရှိတာပေါ့။ အဲဒီထဲကမှ အမှားကြီးရင်ကြီးသလို ကိုယ်တိုင်နဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှု များစေတာပါတယ်။ သာမန်အမှားလေးတွေကတော့ အကျိုးသက်ရောက်မှု နည်းတတ်ပါတယ်။ အချို့ အမှားလေးကကိုယ့်တစ်ယောက်တည်းကိုပဲ ထိခိုက်ပေမယ့် အချို့အမှားတွေကျပြန်တော့လည်း ပတ်ဝန်း ကျင်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပြန်ရော။ 

မိမိတို့ရဲ့ နေ့စဉ်ဘဝတွေမှာ စိတ်အတွေးအကြံ၊ အပြုအမူ၊ အပြောအဆိုတွေအပါအဝင် ဘဝရဲ့ ဆုံးဖြတ်ချက်မှာလည်း အမှားတွေရှိတတ်ကြတာကို သတိထားမိရင် တွေ့နိုင်ပါတယ်။ သာမန်အမှားလေးတွေကို အမှုမဲ့အမှတ်မဲ့ထားတတ်ပေမယ့် ကြီးကြီးမားမားဆိုရင်တော့ စွဲနေအောင် မှတ်မိနေတတ်ကြပါတယ်။ အမှားရဲ့သဘောက ကြီးကြီး၊ သေးသေး အကျိုးသဘောထက် အပျက်သဘောကို ဦးတည်စေတာမို့ ဘယ်သူမှတော့ အမှားမဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့လည်း ဘယ်သူမှ စင်းလုံးချောမဖြစ်နိုင် ဘူးဆိုတဲ့စကားလိုပဲ လူ့ပတ်ဝန်းကျင်မှာ အများနဲ့ နေထိုင်ကျင်လည်နေကြတဲ့အချိန်မှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် အမှားတွေ့တတ်ကြတာပါပဲ။ အမှားမရှိချင်လို့၊ အမှားဖြစ်မှာ ကြောက်လို့ဆိုပြီး တစ်ယောက်တည်းနေတာဖြစ်ဖြစ်၊ ဘာမှမလုပ်ဘဲ ဖြစ်ဖြစ် နေလို့မှမရနိုင်တာကိုး။ ဒီတော့ ဖြစ်တတ်တဲ့ အမှားကို ဘယ်လိုရှုမြင်မလဲ၊ ဘယ်လိုတုံ့ပြန်မလဲ၊ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ အရေးပါလာပါတယ်။

အမှန်နဲ့အမှား

မှား ဆိုတာကို မြန်မာအဘိဓာန်မှာ မမှန်ကန်သော၊ အမှန်၏ဆန့်ကျင်ဘက်ဖြစ်သော၊ ယွင်းသောလို့ ဖွင့်ဆိုပါတယ်။ အမှားဆိုတာကို ရှင်းဖို့ အမှန်ဆိုတာကို ဦးစွာသိဖို့လိုနေပါတယ်။ တစ်ခါတစ်ရံ အမှန်၊ အမှား သတ်မှတ်တဲ့ကိစ္စကို လက်ဖမိုး၊ လက်ဖဝါး ကြည့်တဲ့ နှစ်ဖက်အမြင်နဲ့ တိုင်းတာတတ်ကြပါတယ်။ လက်ဖမိုးဘက်က ကြည့်တဲ့သူအတွက် လက်ဖမိုးဟာအမှန်လို့ ဆိုတတ်ကြသလို လက်ဖဝါး ဘက်က ကြည့်တဲ့သူကတော့ လက်ဖဝါးကိုမြင်ရလို့ လက်ဖဝါးဟာ အမှန်လို့ ဆိုတတ်ကြပါတယ်။ လက်ဖမိုး၊ လက်ဖဝါး နှစ်ဖက်စလုံးဟာ သူ့ဘက် ကိုယ့်ဘက် မှန်ကောင်းမှန်နိုင်ပေမယ့် အားလုံးနဲ့ အကျုံးဝင်တဲ့ အမှန်တရားဟာ သူ့ဘက်ကိုယ့်ဘက် ဆိုတဲ့ နှစ်ဖက်အမြင်ထက် ပိုပါတယ်။ မြတ်စွာဘုရားက ဓမ္မစကြာတရားမှာ သစ္စာလေးပါးကို ဟောခဲ့ပါတယ်။ သစ္စာဆိုတာ မဖောက်မပြန်မှန်ကန်သော တရားကိုဆိုခြင်းပါ။ အခြေအနေ၊ အချိန်အခါ၊ လူပုဂ္ဂိုလ်မရွေးအတွက် မှန်ကန်တဲ့ တရားဖြစ်ပါတယ်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါးဟာ အရိယသစ္စာများ ဖြစ်ကြပါတယ်။ သစ္စာလေးပါးမှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာနဲ့ နိရောဓသစ္စာတို့ဟာ လောကုတ္တ ရာနယ်ပယ်နဲ့ ပိုမိုသက်ဆိုင်ပြီး မဂ္ဂသစ္စာတရားကတော့ လောကီ၊ လောကုတ္တရာ နှစ်ဖြာ သက်ဆိုင် ပါတယ်။ 

လောကုတ္တရာနယ်ပယ်မှာတော့ သစ္စာလေးပါးလို မဖောက်မပြန်မှန်ကန်တဲ့ အမှန်တရားဖြစ်ဖို့ ခက်ခဲပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ နေရာဒေသလိုက်ပြီး ကွဲပြားနိုင်၊ ပြောင်းလဲနိုင်လို့ ဖြစ်ပါတယ်။ လောကုတ္တရာမှာလို ခြွင်းချက်မရှိ အမှန်တရားဆိုတာထက် ကိုယ့်အကျိုး၊ သူ့အကျိုးနဲ့ အများအကျိုးအတွက် ကောင်းမွန်တဲ့လုပ်ရပ်နဲ့ အကျိုးတရားဖြစ်စေရင် အမှန်တရားလို့ အနီးစပ်ဆုံး ဆိုနိုင်ပါလိမ့်မယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်အဖြစ်က တော့ ငါ၊ သူ၊ သူတို့ဆိုတဲ့ သုံးဖက်ထဲက ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ အခြားသူတွေအတွက်ပဲဖြစ်ဖြစ် တစ်ဖက်ဖက်ကို အကျိုးပျက်စီးစေတဲ့ ပြောဆို၊ လုပ်ဆောင်မှုဟာ မှားယွင်းတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကိုယ့်အတွက် အကျိုးရှိလို့ မှန်တယ်လို့ ကိုယ့်ဘာသာ ယူဆကောင်းယူဆနိုင်ပေမယ့် အခြားသူတွေအပေါ် အကျိုးပျက်စီးစေရင်တော့ မှန်တယ်လို့ ယူဆလို့မရနိုင်ပါဘူး။ ကိုယ့်အတွက် ကောင်းတယ်၊ အများအတွက် မကောင်းဘူး၊ ကိုယ့်အတွက် မကောင်း အများအတွက်လည်း မကောင်း၊ အများအတွက် ကောင်းပေမယ့် ကိုယ့်အတွက် မကောင်း၊ အများအတွက်လည်းကောင်း ကိုယ့်အတွက်လည်း ကောင်းဆိုတာကိုကြည့်ရင် အမှန်နဲ့အမှားရဲ့ ကွာခြားချက်ကို ခွဲခြားသိနိုင်ပါတယ်။ 

အမှားဖြစ်စေတတ်

အမှားတွေကို ဘယ်အချိန်မှာ လုပ်မိတတ်ကြသလဲဆိုရင်တော့ အခြေအနေအလိုက် ကွဲပြားမှုတွေရှိပါတယ်။ ဥပမာ ငယ်ရွယ်တဲ့သူနဲ့ အသက်အရွယ်ကြီးတဲ့သူ အမှားလုပ်မိတာချင်း မတူတတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်အကြား ပညာ၊ အသက်အရွယ်၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်း၊ စိတ်ခံစားချက်၊ လောဘ၊ ဒေါသ၊ မောဟ၊ ပတ်ဝန်းကျင်လွှမ်းမိုးမှု ဆိုတာတွေကွာခြားရင် အမှားလုပ်မိတတ်တဲ့ အခြေအနေလည်း တူညီမှာမဟုတ်ပါဘူး။ အဲဒီအမှားဖြစ်စေတတ်တဲ့ အကြောင်းရင်းခံတွေဟာ မတော်တဆဖြစ်တဲ့ အမှားတွေ၊ ကိုယ်နဲ့အခြားသူတွေအပေါ် ထိခိုက်မှုမရှိစေတဲ့ အမှားသေးသေးလေးတွေကိုဆိုတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှုများစေတဲ့ အမှားတွေကို အဓိကဆိုချင်တာ ဖြစ်ပါတယ်။

ပညာ၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့ သင်ခန်းစာယူနိုင်မှုဟာ အမှားမဖြစ်စေဖို့ ထိန်းကျောင်းနိုင်တဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ အဲဒီအရည်အသွေးတွေ အားနည်းတာနဲ့အမျှ အမှားဖြစ်ဖို့ အခွင့်အလမ်း များမှာဖြစ်ပါတယ်။ အသက်အရွယ်၊ အတွေ့အကြုံနဲ့ ရင့်ကျက်မှုဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းဖို့ အကောင်းဆုံးအရည်အသွေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ငယ်ပေမယ့် အတွေ့အကြုံနဲ့ ရင့်ကျက်မှုရှိတာ၊ အသက်အရွယ်နဲ့အတွေ့အကြုံရှိပေမယ့်လည်း သင်ခန်းစာယူနိုင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်း အားနည်းတာ စတဲ့ ဘက်မညီတဲ့အရည်အသွေးတွေလည်း ရှိနေပြန်ပါသေးတယ်။ ဒါကြောင့် ကိုယ်ဘာကြောင့် အမှားတွေ လုပ်မိတာလဲဆိုတာကို ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေနဲ့ ဆန်းစစ်လိုက်ရင် အမှားဖြစ်စေတတ်တဲ့ အကြောင်းရင်းကို တွေ့နိုင်ပါတယ်။

အမှားသံသရာကျော့တတ်

အထက်မှာဆိုခဲ့သလို လူတိုင်းလိုလို အမှားမကင်းတတ်ကြပါဘူး။ မှားတဲ့အခါ မတော်တဆ တစ်ခါတစ်ရံ မှားတတ်တာတွေရှိသလို အမှားတစ်ခုကိုပဲ ထပ်ကာထပ်ကာမှားနေတတ်တာလည်းရှိပါတယ်။ အချို့က စရိုက်လိုဖြစ်နေတဲ့ အကျင့်တွေကြောင့် ထပ်ကာထပ်ကာမှားတတ်ပါတယ်။ ဆိုပါစို့ ဒေါသဖြစ်တဲ့စရိုက်၊ မူးယစ်သောက်စားပြီးရင် ပြဿနာရှာတတ်တဲ့စရိုက်တွေကြောင့် အမှားတွေ ထပ်ကာထပ်ကာ ဖြစ်တတ်တာမျိုးတွေ ဖြစ်ပါတယ်။ အဲဒီလို အမှားမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတတ်ကြပါတယ်။ စရိုက်ကြောင့်ဖြစ်တဲ့အမှားမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟတွေ လွှမ်းမိုးလို့၊ တစ်ဖက်စွန်း စိတ်ခံစားချက်များ ပြင်းထန်နေလို့ ဖြစ်လာတဲ့အမှားတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာပြီး အမှားတွေကို ထပ်ကာထပ်ကာ ဖြစ်စေတတ်တာ တွေ့ရပါတယ်။ စိတ်ခံစားချက်တွေ ထဲမှာပါတဲ့ ဒေါသစိတ်၊ အာဃာတစိတ်၊ ချစ်စိတ်၊ မုန်းစိတ်တို့လို ခံစားချက်လွန်ကဲလာရင် အမှားအမှန်ကို ဝေဝါးစေပြီး မှားပြီးရင်းမှားတတ်ကြပါတယ်။ 
ဒီလိုပဲ အတ္တနဲ့ လောဘ စိတ်အားကြီးပြီး ကိုယ်ကျိုးစီးပွားတွေများလာရင်လည်း အမှားအမှန် ခွဲခြားဆုံးဖြတ်နိုင်စွမ်း အားနည်းလာစေပါတယ်။ ဒီအခါမှာ အမှားကို အမှန်ထင်ပြီး အမှားသံသရာမှာ ကျော့နေတတ်ပါတယ်။ အမှားသံသရာ ဖြစ်စေတဲ့ထဲမှာ သင်ခန်းစာမယူတတ်ခြင်း ဒါမှမဟုတ် မယူနိုင် ခြင်းဟာလည်း ထပ်ကာထပ်ကာမှားစေဖို့ အကြောင်းတရားတစ်ရပ် ဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ မှားတတ်တယ်ဆိုပေမယ့် ဖြစ်ခဲ့တဲ့အမှားကိုပဲ ထပ်ကာထပ်ကာမှားနေခြင်းဟာ အမှားကို သင်ခန်းစာမယူနိုင်တဲ့ အားနည်းချက်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် အထက်မှာဆိုခဲ့တဲ့ အရည်အသွေးတွေ အားနည်းချက်ကြောင့် သင်ခန်းစာမယူနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ 

လောကမှာ မှားတတ်ကြလို့ အမှားတွေဖျက်ဖို့ ခဲတံမှာတောင် ခဲဖျက်တပ်ထားတယ်ဆိုပေမယ့် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ရဲ့ ဘယ်ဘက်ကိုပဲဖြစ်ဖြစ် အကျိုးပျက်စီးစေတဲ့ အမှားတွေ ထပ်ကာထပ်ကာ ဖြစ်နေရင် အဲဒီရဲ့အကျိုးဆက်က ကိုယ်တိုင်ရော၊ လူ့ပတ်ဝန်းကျင်ကိုရော ထိခိုက်စေပါတယ်။ ဒီတော့ ကိုယ်တိုင်က အမှားကျူးလွန်မိတယ်ဆိုရင်တောင် မတော်တဆဖြစ်သွားတဲ့ အမှားလား၊ မှားပြီးသားကို ထပ်ပြီးမှားနေတာလား ဆန်းစစ်ကြရမှာပါ။ ဒါ့အပြင် အရင်က မှားပြီးသားအမှားကို ထပ်ပြီး မှားတဲ့အထဲမှာ သူတစ်ပါးမှားပြီးသားအမှားကို မိမိကိုယ်တိုင်ကလိုက်ပြီး မှားတာလည်း ပါပါတယ်။ အခြားသူမှားခဲ့တာတွေကို တွေ့နေ မြင်နေပါလျက် သင်ခန်းစာမယူနိုင်လို့ ကိုယ်တိုင်က အဲဒီအမှားတွေအတိုင်း လိုက်ပြီးမှားတာဖြစ်လို့ မဆုံးရှုံးသင့်တာ၊ မနစ်နာသင့်တာတွေ ဖြစ်တတ်ပါတယ်။ 

အမှားနှင့် သင်ခန်းစာ

အမှားတွေကနေ သင်ခန်းစာယူရာမှာ မိမိကိုယ်တိုင်ရဲ့အမှားတွေကနေ သင်ခန်းစာယူခြင်းနဲ့ အခြားသူတွေရဲ့အမှားတွေမှ သင်ခန်းစာယူခြင်း နှစ်မျိုးတွေ့ရပါတယ်။ သင်ခန်းစာယူနိုင်တဲ့ နှစ်မျိုးထဲကမှ ပထမတစ်မျိုးဖြစ်တဲ့ ကိုယ်တိုင်ပြုလုပ်မိတဲ့ အမှားကနေ သင်ခန်းစာယူတတ်ဖို့ ဦးစွာလိုအပ်ပါတယ်။ ကိုယ်ပြုလုပ်လိုက်တဲ့ အမှားကနေ သင်ခန်းစာယူဖို့အတွက် အဓိကလိုအပ်ချက်က မိမိရဲ့အမှားကို ကိုယ်တိုင်က သိရှိလက်ခံဖို့ဖြစ်ပါတယ်။ ဒီလို တွေးမိတာ၊ ပြောမိတာ၊ လုပ်မိတာ ငါလွဲသွားတယ်၊ ဒါမှမဟုတ် ငါမှားသွားတယ်လို့ ကိုယ်တိုင်သိရှိလက်ခံမှ ကိုယ့်ရဲ့အမှားကို ပြင်ဆင်နိုင်ဖို့ လမ်းပွင့်သွားမှာပါ။ ကိုယ်လုပ်လိုက်တာကို မှားလို့မှားမှန်းမသိဘူး၊ မှားမှန်းသိပေမယ့် အဲဒီအမှားကို လက်မခံဘူးဆိုရင် သင်ခန်းစာယူဖို့၊ ဒါမှ မဟုတ် အမှားပြင်ဖို့ခက်ပါတယ်။ ကိုယ်ရဲ့လုပ်ရပ်ကိုတောင် မှန်မှန်းမသိ၊ မှားမှန်းမသိတဲ့နောက်တော့ သူများဆီက သင်ခန်းစာယူဖို့က ပိုခက်ခဲသွားပါပြီ။

အမေရိကန်စာရေးဆရာနဲ့ ဈေးကွက်ကျွမ်းကျင် သူ Roy H. Williams က စမတ် (smart) ဖြစ် တဲ့လူတစ်ယောက်ဟာ အမှားတစ်ခုလုပ်မိရင် အဲဒီအမှားကနေ သင်ခန်းစာယူတယ်၊ အဲဒီလို အမှားမျိုး ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ဒါပေမဲ့ ပညာရှိ (wise man) တဲ့လူကတော့ စမတ်ဖြစ်တဲ့ လူမျိုးကိုရှာပြီး သူ့ဆီကနေ အမှားတွေကို ဘယ်လိုရှောင်ရမလဲဆိုတာ သင်ခန်းစာယူတယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်အမှားကနေ သင်ခန်းစာယူနိုင်တဲ့သူက smart man ဖြစ်ပြီး အခြားသူရဲ့ အမှားတွေကနေ သင်ခန်းစာယူနိုင်တဲ့သူက wise man ဖြစ်တယ်လို့ ဆိုတာပါ။ 

အမှားတွေကနေ သင်ခန်းစာယူဖို့ရာမှာ အမှားကို သိဖို့၊ လက်ခံဖို့အတွက် အမှားတွေအပေါ်ထားတဲ့ ကိုယ့်ရဲ့စိတ်သဘောထားနဲ့ သက်ဆိုင်ပါတယ်။ အမှားအမှန်သိဖို့နဲ့ မှားနေရင်လည်း လက်ခံပြီး ပြင်ဆင်လိုတဲ့စိတ်ရှိမှ သင်ခန်းစာယူနိုင်မှာဖြစ်ပါတယ်။ အများအားဖြင့် အမှားကို မရည်ရွယ်ဘဲ လုပ်မိတတ်ကြပါတယ်။ ဒါ့အပြင် သိသိကြီးနဲ့ မှားတဲ့အမှားမျိုးလည်း ရှိကြပါတယ်။ နောက်တစ်မျိုးကတော့ ဖြစ်သွားတဲ့အမှားကို ထပ်ကာ ထပ်ကာလုပ်နေတာမျိုးဖြစ်ပါတယ်။ အဲဒီထဲကမှ မှားမှန်းလည်းမသိ၊ မသိတဲ့အပြင် ကိုယ့်အမှားကို အမှန်လို့ယူဆတာကြောင့် အဲဒီအမှားကို ပြင်ဖို့ကတော့ အခက်ခဲဆုံး ဖြစ်ပါတယ်။ လောကနီတိထဲက လူမိုက်ဆိုတာကို ဖော်ပြထားတာနဲ့ ဆင်တူပါတယ်။ လူမိုက်ဆိုတာကို လောကနီတိမှာ မိမိမိုက်သော အဖြစ်ကိုသိ၏။ ထိုသို့ သိခြင်းကြောင့် ထိုသို့ မိုက်သောသူဖြစ်လျက်လည်း ပညာရှိမည်၏။ အကြင် လူမိုက်သည်ကား မိုက်လျက်လျှင် မိမိကိုယ်ကို ပညာရှိဟုထင်၏။ ထိုသူမိုက်သည်သာလျှင် စင်စစ်သူမိုက်ဟူ၍ ဆိုအပ်၏လို့ ဆိုထားသလို ဖြစ်သွားမှာပါ။

အကျိုးရှိအောင်သုံး

အမှားနဲ့မကင်းတတ်တဲ့ လူ့လောကမှာ အမှားတွေဟာ အသုံးချတတ်ရင် အကျိုးရှိပါတယ်။ တီထွင်မှုတစ်ခုလိုပဲ ပထမဆုံးစမ်းသပ်လုပ်ဆောင်ရာကနေ တွေ့လာတဲ့အမှားတွေကို ပြင်ရင်းပြင်ရင်း တိုးတက်မှုတွေ၊ အောင်မြင်မှုတွေရလာကြတာဖြစ်ပါတယ်။ သူတစ်ပါးရဲ့အမှားတွေကို သင်ခန်းစာယူတတ်လို့ ကိုယ်တိုင် နစ်နာဆုံးရှုံးမှုနည်းနည်းနဲ့ တိုးတက်လာတာတွေလည်း အများအပြားပါပဲ။ အမှားတွေဟာ အကျိုးပျက်စီးစေတယ်ဆိုပေမယ့် အသုံးချတတ်ရင် အကျိုးရှိစေလို့ ဒီကနေ့လူသားတွေ တိုးတက်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မှားပြီးရင်း မှားနေရင်တော့ နစ်နာဆုံးရှုံးမှုတွေနဲ့ပဲ နပန်းလုံးနေရတာမို့ တိုးတက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီတော့ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် တိုးတက်ဖို့၊ မိမိတို့ကိုယ်တိုင်လည်း smart man ဖြစ်ဖို့နဲ့ wise man ဖြစ်ဖို့အတွက်ဆို အမှားတွေကို အကျိုးရှိအောင် အသုံးချကြရမှာ ဖြစ်ပါတယ်။ ။

သိန်းထွန်း(IR)