ကော့ကရိတ် ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်းရှိ ကျေးရွာ(၁၉)ရွာတွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း(၁၉၀)နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)က ဖွံ့ဖြိုးမှုနည်းပါးတဲ့ ကျေးရွာတွေကို ဆောင်ရွက်ပေးတယ်။ ကျေးရွာမှာ လိုအပ်တဲ့လုပ်ငန်းတွေကို နိုင်ငံတော်က ခွင့်ပြုတဲ့ငွေနဲ့ ပြည်သူလူထုရဲ့ ထည့်ဝင်ပါဝင်မှုနဲ့ ဦးစားပေးလုပ်ငန်းအလိုက် လုပ်ငန်းစီမံချက်ရေးဆွဲပြီးတော့ ကျေးရွာ၏ ပကတိလိုအပ်သော ဖွံ့ဖြိုးရေးအစီအစဉ်များကို ပြည်သူကိုယ်တိုင် ဖော်ထုတ်၍ ဦးစားပေးလုပ်ငန်းအလိုက် စီမံချက်ရေးဆွဲပြီး ၎င်းတို့ကိုယ်တိုင် မိမိတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးမှုနှင့် ကြီးကြပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်၍ ဒေသခံကျေးရွာလူထု၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆင်းရဲမှုလျော့ချရေးတို့ကို ပံ့ပိုးအားဖြည့်ရန်ရည်ရွယ်ကာ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်”ဟု ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းက ပြောပြ၍ သိရသည်။
ကော့ကရိတ်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သန်း ၁၉၀၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း ၅၆ ဒသမ ၉ဖြင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ (၁၀)၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၇)ခု၊ ကျေးရွာမီးလင်းရေးလုပ်ငန်း (၃)ခုအားလည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာ (၉)ရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၅)ခု၊ ကျေးရွာမီးလင်းရေးလုပ်ငန်း (၁)ခု၊ ကျေးရွာတွင်း ဂဝံလမ်းခင်းခြင်းလုပ်ငန်း (၂)ခု၊ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုအားလည်းကောင်း စုစုပေါင်းမြို့နယ်(၂)မြို့နယ်ရှိ ကျေးရွာ(၁၉)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စုစုပေါင်း(၁၉)ခုအား ဩဂုတ်လ ပထမပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်