မောင်သိန်းဆိုင်

 

၁၉-၈-၂၀၂၂ ရက်နေ့မှအဆက်

 

မျိုးထွန်းသိန်းတို့ ဆေးရုံသို့ရောက်လာချိန် နန်းကိန္နရီမရှိတော့။ ထို့ကြောင့် နေရာအနှံ့အပြားသို့ လိုက်လံရှာဖွေခဲ့ကြသည်။ ဦးမြတ်စံ၏အိမ်သို့ ရောက်သည်။ နန်းကိန္နရီက ပုန်းကွယ်နေသည်။ မရှိဟု ပြောလွှတ်လိုက်သည်။ သူတို့သည် တပ်ခေါက်ပြန်သွားကာ ကိုငှက်ရိုး၏အိမ်၊ ကိုကျော့မောင်၏ အိမ်များသို့ ဆက်လက်ရှာဖွေကြသည်။ မည်သည့်နေရာတွင်မှ မတွေ့ရဘဲ ရှိခဲ့သည်။ သို့ဖြင့် အတန်ကြာမျှ နန်းကိန္နရီ ပျောက်နေခဲ့သည်။

 

နန်းကိန္နရီကို ပြန်တွေ့ရခြင်းမှာ ကိုငှက်ရိုးကြောင့်ဖြစ်သည်။ ဦးမြတ်စံက အငြိမ့်အဖွဲ့ကို ပြန်လည်တည်ထောင်ရန် လူဟောင်းများအား လိုက်ရှာသည်။ ကိုငှက်ရိုးထံ ရောက်လာသည်။ သည်လိုဖြင့် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသော အငြိမ့်အဖွဲ့တွင် ကိုငှက်ရိုး အလုပ်လုပ်ရန် လက်ခံလိုက်သည်။ ဦးမြတ်စံက နန်းကိန္နရီ အငြိမ့်ပြန်ကမည့်အကြောင်း ကို အဖွဲ့သားများမှအပ မည်သူမျှ အသိမခံဘဲ လျှို့ဝှက်ထားသည်။ သို့တိုင်အောင် ကိုငှက်ရိုးဆိုသည်က မည်သည့်အခါကမျှ နှုတ်လုံသူမဟုတ်။ အရက် ကလေးထွေလာပြီဆိုလျှင် တစ်နည်းမဟုတ် တစ်နည်းဖြင့် လျှို့ဝှက်ချက်များ ပေါက်ကြားတတ် မြဲပင်။

 

ကိုငှက်ရိုးထံမှ ကိုကျော့မောင်ထံ ရောက်သည်။ ကိုကျော့မောင်မှ မျိုးထွန်းသိန်းထံ ရောက်သည်။ မကြာမီ နန်းကိန္နရီအား မျိုးထွန်းသိန်း လာရောက် ခေါ်ငင်သွားကြောင်း သိရသည်။ အငြိမ့်အဖွဲ့လည်း ပျက်ရပြန်ချေသည်။

 

နန်းကိန္နရီသည် “ရေနံ့သာ” သို့ကား မပြန်တော့ ပေ။ တတ်နိုင်သမျှ ရေနံ့သာနှင့် ကင်းကွာစွာနေနိုင်ရန် ကြိုးစားသည်။ သို့လင့်ကစား မျိုးထွန်းသိန်းက ရေနံ့သာနှင့် အဆက်မပြတ်သာအောင် ဖြစ်နေ သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးကိစ္စ၊ နွယ်နွယ်ထွန်းကိစ္စ စသည်ဖြင့် သံယောဇဉ် အမျှင်တန်းဖွယ်ရာများ ရှိနေသည်။ နန်းကိန္နရီသည်လည်း သည်အထဲမှာ တစ်နည်းမဟုတ် တစ်နည်း၊ တစ်ကြောင်းမဟုတ် တစ်ကြောင်း ပါဝင်ပတ်သက်နေရပြန်လေသည်။

 

သည်မှာ အတိတ်ကို ပြန်လည်တမ်းဆွတ်နေရသူ များနှင့် အတိတ်ကို တတ်နိုင်သမျှ မေ့ပျောက်ထားကာ ပစ္စုပ္ပန်မှသာ ဘဝကို ပြန်စလိုသူများဟူ၍ အမျိုးအစား နှစ်ပိုင်းကွဲလာသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၊ နန်းကိန္နရီတို့မှာ အတိတ်ကို ပြန်လည် တမ်းဆွတ်နေလိုကြသူများ မဟုတ်ကြ။ တတ်နိုင်သမျှ မေ့ပျောက်ထားလိုကြသည်။ ပစ္စုပ္ပန်မှနေ၍ ဘဝကို အစပြုလိုသူများ ဖြစ်ကြသည်။ ဖြစ်မည် ဆိုလျှင် အနာဂတ်ကိုသာ တမ်းတကြသည်။ အနာဂတ်ကိုသာ ကိုးကွယ်လိုကြသည်။

 

ဗိုလ်မှူးညိုထွန်းနှင့် နွယ်နွယ်ထွန်းတို့ကား ယင်းသို့မဟုတ်။ သူတို့သည် ပစ္စုပ္ပန်ထက် အတိတ် ကို ပြန်လည်တမ်းဆွတ်နေကြသူများ ဖြစ်သည်။ အတိတ်နှင့်ပတ်သက်ကာ အိပ်မက်မက်၍ မဆုံးကြ သေး။ အတိတ်သည် သူတို့ကို စိုးမိုးနေဆဲ ရှိသည်ပင် ဖြစ်သည်။

 

နန်းကိန္နရီအနေနှင့် ရေနံ့သာအား ပြတ်ပြတ် တောက်တောက် ပြုနိုင်ခဲ့စေကာမူ ရေနံ့သာသည် နန်းကိန္နရီအား ပြတ်ပြတ်တောက်တောက် မပြု နိုင်ခဲ့ပေ။ ရေနံ့သာမိသားစုအပေါ် ရက်စက်ယုတ်မာ ခဲ့သော ဦးကောင်းမိုး၏သမီးဖြစ်သည် ဆိုစေကာမူ အားလုံးက အာဃာတမထားကြ၊ ခွင့်လွှတ်ကြသည်။ စင်စစ် ယင်းအဖြစ်တို့မှာလည်း နန်းကိန္နရီနှင့် ကင်းရှင်းသည်ပင် ဖြစ်သည်။ နန်းကိန္နရီသည် အပြစ်တစ်စုံတစ်ရာပြုခဲ့သည်လည်း မဟုတ်။ အားလုံးကပင် နန်းကိန္နရီကို ချစ်ခင်ရင်းစွဲရှိခဲ့သည်။ အသနားပိုခဲ့ကြသည်။ နန်းကိန္နရီ ဆေးရုံမှဆင်းကာ ပျောက်ကွယ်နေစဉ်က ဦးခင်မောင်ညွန့်နှင့် ဒေါ်ဝင်းရီတို့ကိုယ်တိုင် သတင်းစာများမှ ကြော်ငြာခေါ်ယူခြင်း ပြုခဲ့ကြပေသေးသည်။ နန်းကိန္နရီက စိမ်းလိုသော်လည်း သူတို့က မစိမ်းကြပေ။

 

ကိုကိုဦး မွေးဖွားမည့်နေ့ကဆိုလျှင် ဆေးရုံသို့ ရေနံ့သာတစ်အိမ်သားလုံး ရောက်လာကြသည်။ သားဦးဖြစ်၍လည်းကောင်း၊ ကလေးကထွားလွန်းနေ၍လည်းကောင်း မွေးဖွားရာတွင် အတော်ချည်း အခက်အခဲနှင့်ကြုံရသည်။ နွယ်နွယ်ထွန်းကိုယ်တိုင် နန်းကိန္နရီကို ဗိုက်ခွဲ၍ မွေးဖွားပေးရသည်။ သည်စဉ်က ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နန်းကိန္နရီ၏ ခေါင်းရင်းမှနေကာ အင်္ဂုလိမာလသုတ်ကို ရွတ်ဆို ပေးခဲ့လေသည်။

 

နန်းကိန္နရီ ဆေးရုံမှဆင်းသည့်နေ့က ဒေါ်ရေနံ့သာ ခင်ခင်ကြီးကိုယ်တိုင် ကားဖြင့်အိမ်သို့လိုက်ပို့ပေး သည်။ တစ်ဆက်တည်းမှာပင် ရေနံ့သာ၌ နန်းကိန္နရီ နေစဉ်က ဝတ်ခဲ့သော လက်ဝတ်လက်စားများ၊ အဝတ်အထည်များကို ပြန်ပေးသည်။ ကလေးအတွက် ငွေစုလက်မှတ်တစ်သောင်းဖိုး ဝယ်ပေးခဲ့သည်။ ကလေးကိုလည်း သူကိုယ်တိုင် အမည်ပေး သည်။ ယခင်က သမီးအရင်းအထင်နှင့် ချစ်ခဲ့သည်။ ယခုအခါ သမီးအရင်းကို တကယ်တမ်း ပြန်ရပြီဖြစ်၍ အချစ်လျော့ပါးသွားဖွယ်ရာသာ ရှိခဲ့သည်။ သို့သော် ဒေါ်ရေနံ့သာခင်ခင်ကြီး အနေနှင့် နန်းကိန္နရီအပေါ် ဝတ္တရားကျေခဲ့သည်ကား အမှန်ပင်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးက ကလေးကို “ကိုကိုဦး” ဟု အမည်ပေးခြင်းနှင့် စပ်လျဉ်း၍ နောက်ပိုင်း၌ အမျိုးမျိုး ပြောဖြစ်ခဲ့ကြသည်။ ကိုမောင်မောင်ဦးကို အစွဲအလမ်းမပျောက်သေး၍ သည်အမည် ပေးသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားအကြောင်း တစ်ခုလည်း ရှိနေသည် အမှန်ပင်။

 

မည်သို့ပင်ဆိုစေ နေရာတကာ၌ ရှေးအယူအဆ အစွဲအလမ်းတို့ အနည်းနှင့်အများဆိုသလို လက်ခံ ကြဆဲပင် ဖြစ်သည်။ ရေနံနှင့်ပတ်သက်လာလျှင် တွင်းရိုးတွင်းစားဟူသော အယူအဆ အစွဲအလမ်းကို ထားချင်ဆဲပင် ရှိကြသည်။ တွင်းရိုးတွင်းစား အနွယ် တို့အထဲ၌ ယင်းသို့သော အယူအဆမျိုးကို ယခုတိုင် လက်ခံထားချင်သူတို့ ဒုနှင့်ဒေး ရှိသေးသည်။

 

ဘီ၊ အို၊ စီ အပါအဝင် တွင်းရိုးတွင်းစားတို့၏ ရေနံတွင်းဟူသမျှကို ပြည်သူပိုင် ပြုလုပ်လိုက်ပြီးနောက် တွင်းရိုး တွင်းစားဟူသော ဝေါဟာရမှာ များစွာအဓိပ္ပာယ် မသက်ရောက်နိုင်တော့ချေ။ ရေနံတွင်း ဟူသမျှကို ပြည်သူများကသာပိုင်သည်။ ရေနံသည် ပုဂ္ဂလိက ခံစားရသည့်အရာမဟုတ်တော့။ အများ ပြည်သူအတွက် ဖြစ်ရပေမည်။

 

သို့တိုင်အောင် “ချောင်းရိုး မြောင်းရိုးသာ တိမ်ကောရိုးထုံးစံရှိသည်။ လူ၏မျိုးရိုးကား တိမ်ကောရိုး မရှိ” ဟု မှတ်ယူကာ မျိုးရိုးစွဲရှိသူတို့က ရှိနေကြဆဲ။ သို့ဖြင့် ကိုကိုဦးကလေးကို ဆွေမျိုးစပ်သူက စပ်ဆဲ ဖြစ်သည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့်ပတ်သက်၍ ပြောရ လျှင် မျိုးရိုးစဉ်ဆက်နှင့် အမွေဆက်ခံခွင့် ဥပဒေသအရ ဒေါ်ရေနံ့သာခင်ခင်ကြီးတို့ မျိုးရိုးမှာ တွင်းရိုး မျိုးဖြစ်သည့်ပြင် မိန်းမတွင်းရိုးမျိုးဖြစ်သည့်အတွက် အကယ်၍ သမီးမိန်းမ မဟုတ်ဘဲ သားယောက်ျား ကလေးဖြစ်ခဲ့ပါလျှင် တွင်းရိုးမဖြစ်ဘဲ တွင်းစားသာ ဖြစ်ရချေမည်။ အကြောင်းမူ မိန်းမတွင်းရိုးမျိုး၌ သားယောက်ျားသည် တွင်းရိုးမဖြစ်နိုင်သောကြောင့် ကိုမောင်မောင်ဦးသည်လည်း တွင်းရိုးမျိုးပင်ဖြစ်သည်။ ဦးကောင်းမိုး၏အမွေကို သူဆက်ခံခဲ့သည်။ သို့သော် သူတို့က ယောကျ်ားတွင်းရိုးမျိုး။ ထို့ကြောင့် နွယ်နွယ်ထွန်းသည် ကိုမောင်မောင်ဦး တို့မျိုးရိုးအရ တွင်းရိုးမဖြစ်နိုင်ဘဲ တွင်းစားသာ ဖြစ်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ဆက်နွှယ် လိုက်မှသာ တွင်းရိုးမျိုးဖြစ်လာသည်။ ရေနံတွင်း များကို ဆက်လက်ပိုင်ဆိုင်ခွင့်ရှိနေဦးမည်ဆိုလျှင် နွယ်နွယ်ထွန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အမွေခံသမီးဦး ဖြစ်နိုင်သည်။ တွင်းရိုး ဖြစ်နိုင်သည်။

 

တွင်းရိုးမျိုး ဦးကောင်းမိုးသည် မခင်သန်းနွဲ့အား ယူခဲ့သည်။ မခင်သန်းနွဲ့မှ နန်းကိန္နရီကို မွေးဖွားခဲ့သည်။ နန်းကိန္နရီသည် တွင်းရိုးတော့ မဖြစ်ပေ။ ဦးကောင်းမိုး၏ သားဦး မောင်မောင်ဦးသည်သာလျှင် တွင်းရိုးဖြစ်နိုင်ခဲ့သည်။ နန်းကိန္နရီသည် တွင်းစားတော့ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် နန်းကိန္နရီ၏ ရင်သွေးဖြစ်သော ကိုကိုဦးမှာ အနည်းဆုံး တွင်းစားအဆင့်၌ ရှိသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးအနေနှင့် သည်မျိုးရိုးကပေးလေ့ရှိသော အညွန့်အဖူး အမည်တစ်ခုကို နန်းကိန္နရီ၏သားဦးအား ပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ဆိုစေ၊ ဆွေမျိုးစပ်ရမည်ဆိုပါက နန်းကိန္နရီသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ယောင်းမတော်သည်။ ကိုကိုဦးသည် သူ၏တူတော် နေပြန်ပေသည်။ ကိုကိုဦးမှာ နွယ်နွယ်ထွန်းနှင့် ဆိုလျှင် မောင်နှမဝမ်းကွဲ ဖြစ်လေသည်။ ထို့ကြောင့် လည်း ကိုကိုဦးဟူသည်မှာ အခြားအရာများထက် တွင်းရိုးတွင်းစား အငွေ့အသက်ပါလိုသော သဘော ကို နွှယ်၍ပေးခဲ့သောအမည်ဖြစ်ကြောင်း ထင်ရှား နေသည်။

 

မျိုးထွန်းသိန်းနှင့် နန်းကိန္နရီတို့အတွက်သည် ကလေးသည် ပထမနှင့် နောက်ဆုံးရရှိသော ကလေးဖြစ်သည်။ သူ့ကိုမွေးဖွားစဉ်က များစွာခက်ခဲရုံမက မိခင်၏အသက်ကိုပင် ရန်ရှာမတတ် ဖြစ်ခဲ့သည်။ နန်းကိန္နရီ၌ ရောဂါဓာတ်ခံရှိသည်။ ငယ်စဉ်က ဦးခေါင်း၌ ထိခိုက်ဒဏ်ရာရခဲ့ခြင်း၊ အငြိမ့် ကစဉ်က ပင်ပန်းခဲ့ခြင်း၊ ကားမှောက်စဉ်က ဒဏ်ရာ ပြင်းစွာရခဲ့ခြင်းတို့ကြောင့် နန်းကိန္နရီသည် နောက် တစ်ကြိမ် သားသမီးမွေးရန် မသင့်တော်တော့ ကြောင်း တွေ့ရသည်။ သို့ဖြင့် မျိုးထွန်းသိန်းနှင့် တိုင်ပင်ကာ နောက်တစ်ကြိမ် သားသမီးမရစေရန် နန်းကိန္နရီအား ခွဲစိတ်ကုသပေးခဲ့ရလေသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးမှာ ကိုကိုဦးအား တူတော် သည်ဆိုစေကာမူ မြေးအရွယ်ဖြစ်၍ မြေးသဖွယ် ချစ်သည်။ ကလေး၏ နောင်ရေးနောင်တာကိုပါ ထည့်သွင်းစဉ်းစားကာ ငွေစုလက်မှတ် တစ်သောင်း ဖိုး ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းငွေနှင့် နှစ်စဉ် တိုးနေမည့်အတိုးကို ကိုကိုဦး ဆယ့်ရှစ်နှစ်သား အရွယ်၌ ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

 

တစ်နည်းအားဖြင့်ဆိုရလျှင်လည်း နွယ်နွယ်ထွန်း သည်လည်းကောင်း၊ နန်းကိန္နရီသည်လည်းကောင်း ငယ်စဉ်က ကစဉ့်ကရဲဆန်ခဲ့သည်ဟု ထင်သည်။ နွယ်နွယ်ထွန်းနှင့် နန်းကိန္နရီတို့ ကြုံဆုံရသောဘဝ မျိုးကို မည်သူမျှ မခံစားရစေချင်။ ကိုကိုဦးကို ယင်း ဒုက္ခတို့မှ လွန်မြောက်ကျော်လွှားစေနိုင်ရန် ဆန္ဒပြု လျက် ရက်ရောစွာ ပေးကမ်းခဲ့ခြင်းလည်း ဖြစ်သည်။

 

နန်းကိန္နရီအဖို့ သည်ကမ္ဘာမှာ သည်လင်နှင့် သည်သားသာလျှင် တွယ်တာဖွယ်ရာ ရှိသည်ဟု ထင်သည်။ လင်ကိုမြတ်နိုးသလို၊ သားကိုမြတ်နိုးသည်။ လင်ကိုချစ်သလို သားကိုချစ်သည်။ သည်လင်နှင့် သည်သားသာလျှင် မိမိ၏ဘဝဟု မှတ်ထင်သည်။

 

သား၏မျက်နှာကိုမြင်နေရလျှင် အရာရာကို မေ့မိသည်ပင်။ မျိုးထွန်းသိန်းသည် သူ့အတွက် လင်ကောင်းတစ်ယောက် ဖြစ်သည်သာမက မိတ်ဆွေကောင်းလည်း ပီသသည်။ သို့လင့်ကစား အတိတ်တစ္ဆေခြောက်လှန့်ခြင်းမှ သူက ကာကွယ် ပေးနိုင်စွမ်း နည်းပါးသည်။ အတိတ်ကို တွေးလိုက် မိလေတိုင်း နန်းကိန္နရီ၏ရင်မှာ ကျင်ခနဲ နာရမြဲ ဖြစ်သည်။

 

ဆက်လက်ဖော်ပြပါမည်။