နယူးဒေလီ ဩဂုတ် ၂၁
အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများမှတစ်ဆင့် ဖြစ်ပွားသည့် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာခဲ့ကြောင်း အိန္ဒိယဒေသတွင်း မီဒီယာများက ဩဂုတ် ၂၁ ရက်တွင်သတင်းထုတ်ပြန်သည်။
သေဆုံးသူများအနက် ၂၂ ဦးသည် ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်၏ တောင်ကုန်းဒေသများမှဖြစ်ပြီး ဩဒိသျှပြည်နယ် မြောက်ပိုင်းမှ ခြောက်ဦး၊ ဥတ္တရာခန်းနှင့် ဂျာဟာခန်ပြည်နယ်တို့မှာ လေးဦးစီနှင့် အိန္ဒိယက သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသမှ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
သေဆုံးသူအရေအတွက်မြင့်တက်လာမည်ကို စိုးရိမ်
ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်၌ နေအိမ်များပျက်စီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် ခြောက်ဦးပျောက်ဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိနေခြင်းကြောင့် အဆိုပါပြည်နယ်၏ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ယင်းပြည်နယ်၌ သေဆုံးသူများအနက် ရှစ်ဦးသည် မိသားစုတစ်စုတည်းမှဖြစ်ကြောင်း သိရသည်။ ဥတ္တရာခန်း ပြည်နယ်၏ သတင်းထုတ်ပြန်ချက်အရ ယင်းပြည်နယ်အတွင်း မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းပေါင်း ၂၃၅ လမ်းကို ပိတ်ထားခဲ့ရကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်