ဩဂုတ် ၂၂
အစ္စရေးနိုင်ငံတွင် ပြီးခဲ့သည့်လေးရက်အတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၁ ဦး ထပ်မံတွေ့ရှိခဲ့ရာ ထိုရောဂါကူးစက်ခံရသူပေါင်း ၂၀၈ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
အဆိုပါရောဂါကူးစက်မှုကိုကာကွယ်ရန် ရောဂါကူးစက်နိုင်ခြေရှိသူ ၂၀၀၀ ကျော်အား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီး ဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
အစ္စရေးနိုင်ငံတွင် ဇူလိုင်လနှောင်းပိုင်းက ဒိန်းမတ်နိုင်ငံကထုတ်လုပ်သော Bavarian Nordic ကာကွယ်ဆေးပမာဏ ၅၆၀၀ဖြင့် ရောဂါကူးစက်နိုင်ခြေရှိသူများအတွက် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
နောက်ထပ် ကာကွယ်ဆေးပမာဏ ၄၄၀၀ သည် စက်တင်ဘာလတွင် ရောက်ရှိမည်ဟု ယူဆရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထိုကာကွယ်ဆေးထိုးနှံမှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဝယ်ယူသွားရန် ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာစီမံချက်ကို တိုးချဲ့လုပ်ဆောင်ရန် စဉ်းစားထားကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို