နေပြည်တော် ဩဂုတ် ၂၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ယန်းလော ခေတ်မီစံပြ ကျေးရွာ (SMART Village) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော အိမ်ခြေ (၁၂၉) အိမ်၊ အိမ်ထောင်စု (၁၂၄) စု၊ လူဦးရေ (၇၃၄) ဦးရှိ ယန်းလောကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကျေးရွာ ၄၂ ရွာတွင် ခေတ်မီစံပြကျေးရွာများ ဆောင်ရွက်နေပါကြောင်း၊ စံပြကျေးရွာ ရွေးချယ်ရာတွင် အခြေခံမူ (၁၅)ချက်နှင့် ကိုက်ညီသော ကျေးရွာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်ကို အခြေခံရွေးချယ်ပါကြောင်း၊ ခေတ်မီစံပြကျေးရွာ စီမံကိန်းအား နေပြည်တော်ရှိ ကျေးရွာ (၃)ရွာတွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ Cash for Work နှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေများကိုလည်း ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဤသို့ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒေသခံတစ်ဦးက ခေတ်မီစံပြကျေးရွာအဖြစ် ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ်တွင် လည်းကောင်း၊ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ်တွင်လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စု၊ နန်းအွန်ကျေးရွာသို့ ရောက်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ခြေ (၁၁၇)အိမ်၊ လူဦးရေ (၅၁၈)ဦးနှင့် ယာမြေ (၃၉၅)ဧကအား အကျိုးပြုမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၇၃ ဒသမ ၀၈)သန်းဖြင့် ဆောင်ရွက်ခဲ့သော  ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၁၆ ဒသမ ၃) သန်းဖြင့် ဆောင်ရွက်ခဲ့သော ဂါလန် (၃၀၀၀၀) ဆံ့ ရေစုကန် တည်ဆောက်ပြီးစီးမှုနှင့် ဆိုလာပန့်စနစ်ဖြင့် စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေ၊  ခွင့်ပြုရန်ပုံငွေကျပ် (၃၈ ဒသမ ၅)သန်းဖြင့် ဆောင်ရွက်ခဲ့သော ဂါလန် (၅၀၀၀)ဆံ့ ရေစုကန် တည်ဆောက်ပြီးစီးမှုနှင့် အရှည် (၉၂၀၀)ပေရှိ အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေးနေမှုအခြေအနေ၊ နန်းအွန်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ (၂၀၀)အတွက် ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ Life Straw အမျိုးအစား သောက်ရေသန့်စက် (၂)လုံး ပေးအပ်လှူဒါန်းမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်