နေပြည်တော် ဩဂုတ် ၂၃

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ကျင်းပသော ၂၀၂၂ ခုနှစ် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့ တက်ရောက်ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ကွေ့ကျိုးပြည်နယ်အမြဲတမ်း ကော်မတီဝင်က လည်းကောင်း၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်ရေးရာ၊ အားကစားဝန်ကြီးနှင့် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်တို့က လည်းကောင်း နှုတ်ခွန်းဆက်စကား ပြောကြားကြကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။

 

ဆက်လက်၍ တတိယအကြိမ်မြောက် အာဆီယံ-တရုတ် ပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို နံနက် ၈ နာရီခွဲတွင် ကျင်းပရာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများက အွန်လိုင်းမှတက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါစကားဝိုင်း ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က လူသားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးရာ ဆရာ အရည်အသွေး၊ ကျောင်းသား အရည်အသွေး၊ စီမံ/ဘဏ္ဍာ ဝန်ထမ်းအရည်အသွေးများ မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး တရုတ်-အာဆီယံ ပညာရေးဝန်ကြီးများအကြား အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်