ဝင်းထွဋ်

တပ်မတော်သားဆိုသည်မှာ ပြည်သူများမှမွေးဖွားလာသော ပြည်သူတို့၏ သားသမီးများသာဖြစ်သည်။ သားသမီးတို့အောင်မြင်မှုကို မိဘတိုင်းက ဝမ်းသာကြည်နူးကြသည်။  မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ ပထမဆုကို ထိုက်ထိုက်တန်တန်ရရှိဟူသော သတင်းတစ်ရပ်သည် ပြည်သူတို့၏ရင်ကို အေးမြဝမ်းသာစေခဲ့သည်။ ထို့အတူ တပ်မတော်သားအားလုံးတို့ ဝမ်းသာကြသည်။ တပ်မတော်သား ဆိုသည်မှာ တစ်စိတ်တည်း တစ်ဝမ်းတည်း ညီညီညွတ်ညွတ် နေထိုင်ကြရသူများဖြစ်သည့်အတွက် ဝမ်းသာစရာရှိလျှင်လည်း အတူတူဝမ်းသာ ကြသည်။ ဝမ်းနည်းစရာရှိလာလျှင်လည်း အတူတူ ဝမ်းနည်းကြသည်။ တင့်တပ်ဖွဲ့၏ ပထမဆုရရှိသည့် သတင်းမှာ ရာနှုန်းပြည့် ဝမ်းသာဖွယ်သတင်းကောင်း ဖြစ်ပေသည်။ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်  ဩဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသော International Army Games-2022 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ  (Tank Crews Competition) Division-2 သို့ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ထိုက်တန်စွာရယူနိုင်ခဲ့သည်။ ထိုသတင်းကို မြဝတီရုပ်မြင်သံကြားသတင်းတွင် ပြည့်ပြည့်စုံစုံ ပြသခဲ့သည်။ မြန်မာ့တင့်ကားတပ်ဖွဲ့ဝင်တို့ ခက်ခက်ခဲခဲ ဖြတ်ကျော်မောင်းနှင်နေသည်ကို တွေ့မြင်ကြရသည်။ နိုင်ငံနှင့်လူမျိုးကို ချစ်သူတိုင်းက ထိုသတင်းကို  ဩဘာလက်ခုပ်ပေးကြသည်။ တပ်မတော်၏စွမ်းရည်ကို မိမိတို့မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းကိုသီဆိုပြီး နိုင်ငံတော်အလံကို အလေးပြုသည့် မြင်ကွင်းကို တွေ့မြင်ရသည်မှာ ကြက်သီးမွေးညင်းထလောက်အောင် ရင်ထဲမှာခံစားရသည်။ မည်သည့်အရာနှင့်မျှ မလဲနိုင်သော ဝမ်းသာပီတိဖြစ်ပေသည်။ 

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် (Tank Crews Competition) Division -2 ၌ ဆီးရီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက် တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေး နီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မီလီ မီတာ အမြောက်အားရပ်လျက် ကျည်သုံးတောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မီလီမီတာ လေယာဉ် ပစ်စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မီလီမီတာ ယှဉ်တွဲစက်သေနတ် ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ပြီး  မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ Crew-1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့် လည်းကောင်း၊ Crew-2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့်လည်းကောင်း၊ Crew-3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃ဝ မိနစ် ၂၈ စက္ကန့် ဖြင့်လည်းကောင်း စုစုပေါင်းပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ 
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Biathlon) ကို ယခုနှစ် အပါအဝင် (၅)ကြိမ်မြောက်ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် (၁၆)၊ ၂၀၁၉ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် (၅)၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ရှစ်သင်းအနက် အဆင့် (၄)၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ရှစ်သင်းအနက် တတိယအဆင့် စသည်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏  ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားပေါင်း ၃၄ မျိုးတွင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တပ်မတော်သားများ ပါဝင်ယှဉ်ပြိုင်ကြသည်။ 

မိမိတို့ ယှဉ်ပြိုင်ခဲ့သည့် Division-2 တွင် T-72 ပင်မတိုက်ပွဲဝင်တင့်ဖြင့် စစ်မြေပြင်တွင် လက်တွေ့ အသုံးပြုတိုက်ပွဲဝင်ခဲ့ကြသည့် ဆီးရီးယားနှင့် အာမေးနီးယားကဲ့သို့ အသင်းကောင်းများ ပါဝင်ခဲ့ကြသလို ယခင်နှစ်ပြိုင်ပွဲများတွင် Division-1 ၌ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ဖူးသည့် အီရန်ကဲ့သို့ အသင်း ကောင်းများ ပါဝင်ခဲ့သည်ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ မြန်မာ့တပ်မတော် တင့်ကားမောင်းနှင် ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် ထိုသို့သော အသင်းကောင်းများနှင့် ယှဉ်ပြိုင်ရင်ဆိုင်နိုင်ရေး အတွက် ပြိုင်ပွဲမဝင်မီ ရက်သတ္တပတ်ပေါင်းများစွာကပင် မန္တလေးတိုင်း မြစ်သားမြို့နယ် မိုင်းမောဒေသရှိ သံချပ်ကာယန္တရားသင်တန်းကျောင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ပြိုင်ပွဲဝင်မည့်ပုံစံအတိုင်း သဏ္ဌာန်တူ လေ့ကျင့်ရေးကွင်းဖောက်လုပ်ကာ နေ့စဉ်အရှိန်အဟုန်မပြတ်  ကြိုတင်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ရပါသည်။ 

ယခုနှစ်ပြိုင်ပွဲ၏  ထူးခြားချက်အနေဖြင့် စည်းမျဉ်းစည်းကမ်းများမှာ ယခင်နှစ်နှင့်မတူတော့ဘဲ အနည်းငယ်ပြောင်းလဲမှုများရှိခဲ့ရာ ပြိုင်ပွဲဝင်အသင်းများအတွက် စိန်ခေါ်မှုမှာ ပိုမိုမြင့်မားလာခဲ့ပါသည်။ Individual Race ဟုခေါ်သည့် တိုက်ယာဉ် အဖွဲ့တစ်ဖွဲ့ချင်း ယှဉ်ပြိုင်မောင်းနှင်မှုတွင် တင့်များရှိ လေယာဉ်ပစ်စက်သေနတ်နှင့် ယှဉ်တွဲပါစက်သေနတ်များကို တင့်၌ကြိုတင်တပ်ဆင်ပေးထားခြင်းမရှိ တော့ဘဲ သတ်မှတ်နေရာသို့ ရောက်ရှိမှသာ တင့်ကိုရပ်ပြီး စက်သေနတ်များကို တပ်ဆင်ပစ်ခတ်ရခြင်း ဖြစ်ပါသည်။ ထို့အပြင် ပစ်ခတ်စဉ်များ၌ တင့်ပစ်မှတ်တစ်ခုလွဲချော်ပါက ကွင်းပိုပတ်ခြင်း ပြစ်ဒဏ်အား ယခင်က တစ်ပတ်သာမောင်းနှင်ရသည့်အနေအထားမှ ယခုနှစ်တွင် နှစ်ပတ်မောင်းနှင် ရခြင်းဖြစ်ပါသည်။ 

အသင်း၏ ဖွဲ့စည်းပုံကိုလည်း အနည်းငယ် ပြောင်းလဲထားပြီး ပြိုင်ပွဲဝင်အသင်းအနေဖြင့် ဒိုင်ချုပ်၏ သတိပေးမှု သုံးကြိမ်နှင့်အထက်ခံရပြီဆိုပါက ပြိုင်ပွဲမှ နုတ်ထွက် (Disqualify) ရမည်ဖြစ်သည်။ ဒိုင်ချုပ်၏ သတိပေးမှုသည် ပြိုင်ပွဲအတွင်းတွင် သာမကဘဲ အခြားအချိန်များတွင်လည်း ဖြစ်နိုင်သဖြင့် အသင်းတစ်သင်းကောင်းရန်မှာ ပြိုင်ပွဲတွင် ဝင်ရောက်မောင်းနှင်ခြင်းသာမကဘဲ ပြိုင်ပွဲဝင်အဖွဲ့ တစ်ဖွဲ့လုံး၏ စည်းလုံးညီညွတ်မှုနှင့် စည်းကမ်းစနစ်တကျရှိရေး ယခင်နှစ်များကထက် ပိုမိုတင်းကျပ်ပြီး စိန်ခေါ်မှုများလည်း မြင့်မားလာခဲ့ပါသည်။ 

ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပြိုင်ပွဲမစတင်မီ ၁၀ ရက်ခန့် ကြိုတင် ရောက်ရှိကာ ပြိုင်ပွဲဝင်ရန် စာရင်းသွင်းခြင်း၊ ပြိုင်ပွဲဝင်မည့်ကွင်းကို လေ့လာခြင်း၊ တိုက်ယာဉ် အရောင်မဲနှိုက်ခြင်း၊ တိုက်ယာဉ်များနှင့် လိုက်နာရမည့်စည်းကမ်းများ  သင်ကြားပြသပေးခြင်း၊ တိုက်ယာဉ်ကြံ့ခိုင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်း၊ ချိန်သားညှိပစ်ခတ်ခြင်းနှင့် ဖွင့်ပွဲအတွက် အစမ်း လေ့ကျင့်ခြင်းများကို ကြိုတင်ဆောင်ရွက်ခဲ့ကြပါသည်။ 

မြန်မာ့တပ်မတော် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် “ပွဲမဝင်ခင် အပြင်က ကျင်းပ” ဆိုသလို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မသွားရောက်မီကပင် လိုအပ်သည့်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ “ကြိုတင်ပြင်ဆင် အောင်ပွဲဆင်” ဆိုသည့် အတိုင်း အောင်မြင်မှုရှိခဲ့ခြင်းဖြစ်ပါသည်။ 

ပြိုင်ပွဲဝင်ပုံ

ယခုနှစ် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံက ထုတ်ပေးထားသည့် T-72B3M ပင်မတိုက်ပွဲဝင် တင့်များကို အသုံးပြုမောင်းနှင်ယှဉ်ပြိုင်ခဲ့ရပြီး မိမိအစီ အစဉ်ဖြင့် တိုက်ယာဉ်များ ယူဆောင်လာမည်ဆိုပါက အလေးချိန် ၄၄ တန်နှင့်အထက်ရှိသည့် ပင်မ တိုက်ပွဲဝင်တင့်နှင့် ပြောင်းထွက်ရှိန် ၁ဝဝဝ မီတာ/စက္ကန့်ထက်မပိုသည့် တင့်ခဲယမ်းများ အသုံးပြု ယှဉ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နှစ်စဉ် ၎င်းတို့ကိုယ်ပိုင် Type-96 B တင့်များကို အသုံးပြုယှဉ်ပြိုင်သကဲ့သို့ ဘီလာရုဇ်နိုင်ငံသည်လည်း ၎င်းတို့ကိုယ်ပိုင် T-72BME တင့် များကို အသုံးပြု၍ ယှဉ်ပြိုင်ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ 

တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲအား အုပ်စုနှစ်စုခွဲ၍ ကျင်းပပြုလုပ်လေ့ရှိပြီး ယခင်နှစ် ပြိုင်ပွဲရလဒ်များအပေါ်မူတည်၍ Division-1 နှင့် Division-2 ဟူ၍ အုပ်စုနှစ်စုခွဲ၍ ကျင်းပခဲ့ကြသည်။ သာမန်အားဖြင့် အုပ်စုတွင်းပြိုင်ပွဲများအား ပြိုင်ပွဲဝင် နိုင်ငံအသီးသီး၏ တိုက်ယာဉ်အဖွဲ့ သုံးဖွဲ့ အလှည့်ကျ ယှဉ်ပြိုင်ရသည့် တစ်စီးချင်းပြိုင်ပွဲအဖြစ် လည်းကောင်း၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲများအား လက်ဆင့်ကမ်းပြိုင်ပွဲအဖြစ်လည်းကောင်း ယှဉ်ပြိုင်ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် ထိုသို့ ပြိုင်ပွဲအဆင့်ဆင့်အား Division-1 တွင်သာ သတ်မှတ်ထားပြီး  Division-2 တွင်မူ တစ်စီးချင်းပြိုင်ပွဲမှ တိုက်ယာဉ်အဖွဲ့ သုံးဖွဲ့၏ စံချိန်များကိုပင် စုပေါင်းကာ ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ဆုများအသီးသီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ 

တင့်မောင်းနှင်ကွင်းအတွင်း အခက်အခဲအတား အဆီးများအဖြစ် တိုင်ဝင်/တိုင်ထွက်အတားအဆီး၊ မိုင်းကွင်းအတားအဆီး၊ ရေကန်အတားအဆီး၊ တောင်ကုန်းအတားအဆီး၊  မီးလောင်ကွင်းအတားအဆီး၊ တင့်ထောင်ချောက်အတားအဆီး၊ တံတားအတားအဆီး၊ တောင်စောင်းအတားအဆီး၊ မြေပြတ် အတားအဆီး စသည့် အတားအဆီးအမျိုးမျိုးကို  ဖြတ်ကျော်မောင်းနှင်ရပြီး ပစ်ခတ်မှုအနေဖြင့် ၁၆ဝဝ မီတာ၊ ၁၇ဝဝ မီတာ၊ ၁၈၀၀ မီတာ အကွာအဝေးများမှ တင့်ပစ်မှတ် သုံးခုအား ၁၂၅ မမ တင့်ဖျက်ခွင်းကျည် သုံးတောင့်ဖြင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၈ဝ၀ မှ ၁၀၀၀ မီတာအကွာအဝေးအတွင်းရှိသော ရဟတ်ယာဉ် ပစ်မှတ်တစ်ခုအား ၁၂ ဒသမ ၇ မမ စက်သေနတ် ကျည် ၁၅ တောင့်ဖြင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၆၀၀၊ ၇၀၀၊ ၈၀၀ မီတာများမှ  ရန်သူပခုံးထမ်းတင့်ဖျက် ပစ်မှတ်သမား ပစ်မှတ်တစ်ခုအား ၇ ဒသမ ၆၂ မမ ယှဉ်တွဲ  စက်သေနတ်ကျည် ၁၅ တောင့်ဖြင့် ရပ်လျက်ပစ်ခတ်ခြင်းများ  ပြုလုပ်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါသည်။ 

ပြိုင်ပွဲတွင် အုပ်စုအသီးသီးမှ  ပြိုင်ပွဲဝင် အသင်းများသည် မဲနှိုက်၍ ရရှိသောတင့်အရောင်များအတိုင်း အုပ်စုငယ်များပြန်လည်စုဖွဲ့၍ လေးကီလို မီတာအကွာအဝေးရှိ ပြိုင်ပွဲဝင်ကွင်းအား သုံးပတ် ယှဉ်ပြိုင် မောင်းနှင်ခဲ့ကြရသည်။ ပြိုင်ပွဲဝင်နိုင်ငံများမှ တိုက်ယာဉ်များအား တစ်စီးချင်းတာလွှတ်ခြင်း ဖြစ်ပြီး တစ်စီးနှင့်တစ်စီး ငါးမိနစ်ခန့်ခြား၍ တာလွှတ်ခြင်းဖြစ်ပါသည်။ ပထမအပတ်တွင် တင့်ပစ်မှတ်ကိုလည်းကောင်း၊ ဒုတိယအပတ်တွင် ရဟတ်ယာဉ်ပစ်မှတ်ကိုလည်းကောင်း၊ တတိယ အပတ်တွင် ရန်သူပခုံးထမ်း တင့်ဖျက်သမား ပစ်မှတ်ကိုလည်းကောင်း အသီးသီးပစ်ခတ်ကာ အတားအဆီးများကို ဖြတ်ကျော်မောင်းနှင်ရခြင်း ဖြစ်ပါသည်။ 

မြန်မာ့တပ်မတော် တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲဝင်အသင်း

မြန်မာ့တပ်မတော် တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲဝင်အသင်းအနေဖြင့် ပြိုင်ပွဲဝင် အဖွဲ့သားများကို ပြိုင်ပွဲဝင်ဟောင်း ၅၀ ရာခိုင်နှုန်းနှင့် ပြိုင်ပွဲဝင်သစ် ၅၀ ရာခိုင်းနှုန်းဖြင့် အသီးသီးဖွဲ့စည်း လေ့ကျင့်ခဲ့ရာတွင် လေ့ကျင့်မှုရလဒ်ကောင်းများ ပေါ်ထွက်လာခဲ့သည့်အပြင် ကျွမ်းကျင်တိုက်ယာဉ် အဖွဲ့သားများကိုလည်း  မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ “လေ့ကျင့်၊ ကျွမ်းကျင်၊ အောင်ပွဲဆင်” ဆိုသလိုပင် လေ့ကျင့်ခဲ့စဉ်ကာလမှာပင် ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် ပြိုင်ပွဲဝင်အဖွဲ့သားများ အနေဖြင့် အောင်မြင်မှုရရှိမည်ဟု  ယုံကြည်ချက်များလည်း ခိုင်မာနေခဲ့ကြပါသည်။ သို့သော်လည်း အခြားနိုင်ငံများမှ အသင်းများလည်း အသီးသီးတိုးတက်လာနိုင်သည်ဖြစ်ရာ ပြိုင်ပွဲကို သတိရှိရှိ အမှားအယွင်းအနည်းဆုံးဖြင့် ယှဉ်ပြိုင်နိုင်မှသာ အောင်ပန်းဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲဝင် အဖွဲ့သားအားလုံးက ခံယူချက်ထားပြီး စနစ်တကျ လေ့ကျင့်ခဲ့ကြခြင်းလည်းဖြစ်ပါသည်။ 

ပထမနေ့ပြိုင်ပွဲတွင် တိုက်ယာဉ်အဖွဲ့-၁ (Crew- 1) က ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့် အခြားပြိုင်ပွဲဝင်တင့် အဖွဲ့များကို ဖြတ်ကျော်လျက် ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါသည်။ ပစ်မှတ်အားလုံးကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ရာ ပြိုင်ပွဲဝင်အဖွဲ့သားများ ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြင့်တက်လာစေပါ သည်။  တိုက်ယာဉ်အဖွဲ့-၁ အနေဖြင့် ပထမဆုံး နိုင်ခဲ့သည့်အတွက် မျှော်မှန်းထားသည်ထက် ပိုမို သာလွန်းသော အောင်မြင်မှုရလဒ်ကိုရရှိခဲ့ပြီး အဖွင့်ပိုင်းမျက်နှာပန်းလှခဲ့သည်ဟု  ဆိုနိုင်ပါသည်။ သို့သော်လည်း တာထွက်ကောင်းရုံဖြင့် ပြိုင်ပွဲ၏ အဆုံးအဖြတ်ကို ရရှိနိုင်မည်မဟုတ်သလို ကျန် ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့်လည်း  အားကြိုးမာန်တက် ဆက်လက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ခဲ့ကြသည်။ 

ပြိုင်ပွဲဒုတိယနေ့တွင် တိုက်ယာဉ်အဖွဲ့-၂ (Crew-2) က ပစ်မှတ် ငါးခုအနက် လေးခုကိုသာ ထိမှန်ခဲ့ပြီး ကွင်းပိုပြစ်ဒဏ်နှစ်ပတ်မောင်းနှင်ခဲ့ရသည့်အတွက် စံချိန်အားဖြင့်  အနည်းငယ် နောက်ကျခဲ့ရသလို  ပြိုင်ပွဲဝင်နေစဉ်အတွင်း ပြိုင်ဘက်အသင်းတစ်သင်း၏ တိုက်ယာဉ်ချို့ယွင်းမှုဖြစ်ပေါ်ပြီး မိမိမောင်းနှင်ရမည့် လမ်းကြောင်းပေါ်တွင် ပိတ်ဆို့ရပ်တန့်မှုဖြစ်ပေါ်ခဲ့သဖြင့် မိမိတိုက်ယာဉ်က မတော်တဆထိခိုက်မှုမျိုး မဖြစ်ပေါ်စေရန် ထိန်းချုပ်ရေးစင်တာရှိ ကွပ်ကဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် အချိန်မီသတိပေးရပ်တန့်ခဲ့ရသဖြင့် စံချိန်အားဖြင့် နှောင့်နှေးမှုများရှိခဲ့ပြီး ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့် သာ ပန်းဝင်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း တိုက်ယာဉ်အဖွဲ့နှစ်ဖွဲ့ ယှဉ်ပြိုင်ပြီးချိန်အထိ မြန်မာအသင်း၏ နှစ်ဖွဲ့ပေါင်းရလဒ်မှာ ကျန်ပြိုင်ပွဲဝင် အသင်းများထက်  စက္ကန့်ပိုင်းအသာဖြင့်သာ ဦးဆောင်နေခဲ့ပါသည်။ 
တတိယနေ့ပြိုင်ပွဲတွင်လည်း  တိုက်ယာဉ် အဖွဲ့-၃ (Crew-3) အနေဖြင့် စံချိန်ကွာဟချက် ကျဉ်းမြောင်းနေမှုကို ချေဖျက်နိုင်ရန်အလို့ငှာ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်း ယှဉ်ပြိုင်ခဲ့ရာ ပစ်ချက်အားလုံးထိမှန်ခဲ့ပြီး ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့သည်။ ပြိုင်ပွဲများအားလုံး တွင် မိမိတို့ မြန်မာ့တပ်မတော်တင့်ကား မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် ပြိုင်ပွဲဝင် စည်းကမ်းများနှင့်အညီ သန့်ရှင်းစွာယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ကို ဒိုင်အဖွဲ့များနှင့် အခြားနိုင်ငံမှ ပြိုင်ပွဲ ဝင်အသင်းများအပါအဝင် ပရိသတ်များအားလုံး မြင်တွေ့ချီးမွမ်းခဲ့ကြရပါသည်။  Division-2 ၏ ပြိုင်ပွဲဝင်အသင်းများအားလုံး ယှဉ်ပြိုင်ပြီး စုစုပေါင်း စံချိန်များအား စုပေါင်းတွက်ချက်ခဲ့ရာတွင် မြန်မာ့ တပ်မတော်တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် အကောင်းဆုံးရလဒ်အဖြစ် Division-2 ၏ ပထမဆုကြီးကို စုစုပေါင်းပန်းဝင် စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ဖြင့် ထိုက်ထိုက် တန်တန်ရရှိခဲ့ပါသည်။ 

ပြိုင်ပွဲအတွင်း  မြန်မာအသင်းအနေဖြင့် စုစုပေါင်းပစ်မှတ် ၁၅ ခုအနက် ၁၄ ခုကို ထိမှန်ခဲ့သည်ဖြစ်ရာ မိမိနိုင်ငံအသင်း၏ ပြိုင်ပွဲဝင်သမိုင်း တစ်လျှောက် ထိချက်အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည့်အပြင် Division-2 တွင်သာမက Division-1 ၌ယှဉ်ပြိုင်သော အခြားအသင်းများထက်လည်း ပစ်မှတ်ထိမှန်မှု ပိုမိုခဲ့ပါသည်။ အခြားပြိုင်ပွဲဝင်များသည် ပြိုင်ပွဲစည်းကမ်းများကို မည်သို့ပင် လက်တစ်လုံးခြား ရှောင်လွှဲယှဉ်ပြိုင်ခဲ့သည်ဖြစ်စေ မြန်မာ့တပ်မတော် ပြိုင်ပွဲဝင်အသင်းအနေဖြင့် ၂၀၂၂ ခုနှစ် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲကို နိုင်ငံတကာတပ်မတော်များရှေ့မှောက်တွင် သတ်မှတ် ထားသည့်  စည်းမျဉ်းစည်းကမ်းများနှင့်အညီ သန့်သန့်ရှင်းရှင်းပြိုင်ပွဲဝင်ခဲ့ပြီး  ပထမဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့တပ်မတော် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ဝင်အသင်းအနေဖြင့် ယခုနှစ် Division-2 တွင် ပထမနေရာရရှိခဲ့သောကြောင့် နှစ်စဉ်ပြိုင်ပွဲဝင် အုပ်စုခွဲဝေမှု စည်းမျဉ်းများအရ လာမည့်နှစ်တွင် Division -1 ၌ အိမ်ရှင် ရုရှား၊ တရုတ်နှင့် ဘီလာရုဇ် စသည့်ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲဝင်အသင်းများနှင့် တစ်တန်းတည်း ယှဉ်ပြိုင်ရတော့မည်ဖြစ်သဖြင့် ယခုထက်ပိုမိုသာလွန်သောလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်သွားရန်လည်း လိုအပ်ပါသည်။ 

 အောင်ပွဲအဆက်ဆက်ဆွတ်ခူးဦးမည်

လက်ရှိတွင်  မြန်မာ့တပ်မတော်အနေဖြင့် International Army Games-2022 ပြိုင်ပွဲများ ဖြစ်သော ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Military Medical Relay Race)၊ လက်ဖြောင့်သေနတ်ပစ်ခတ် ခြင်းပြိုင်ပွဲ (Sniper Frontier) Emergency Area ပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ(Army of Culture) တို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။  မြန်မာ့တပ်မတော်တင့်ကား မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲဝင်အသင်းအနေဖြင့် “လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်” ဆိုသည့်အတိုင်း တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Biathlon)တွင် နိုင်ငံ့ဂုဏ်၊ တပ်မတော်ဂုဏ်၊ တပ်ဖွဲ့ဂုဏ်ကို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအား မျက်ဝါးထင်ထင် တွေ့မြင်ရပြီးဖြစ်ပါသည်။ 

နိုင်ငံတော်နှင့်တပ်မတော်ကို ကိုယ်စားပြုပြိုင်ပွဲဝင်များသည် ပွဲမဝင်ခင်ကပင် ကြိုတင်ပြင်ဆင် ကြရသည်။ တပ်မတော်သားတို့သည် ချွေးထွက်များမှ သွေးထွက်နည်းမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ကြရသည်။ ပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်း၏ အကျိုးသည် အောင်မြင်မှုကို ထိုက်ထိုက်တန်တန်ပိုင်ဆိုင်ခြင်း ဖြစ်လာသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားမှုရှိမည် ဆိုပါက မည်သည့်အရာကိုမဆို အောင်မြင်မှုရရှိမည်သာဖြစ်သည်။ 

တပ်မတော်သားတိုင်းသည် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဟူသော အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံအောင်  ဖြည့်ဆည်းထားသူများဖြစ်ကြသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် တိုက်ပွဲဝင်စိတ်ဓာတ်ကို အထူးမွေးမြူထားရသည်။ တိုက်ပွဲဝင်စိတ်ဓာတ် ဆိုသည်မှာ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက် ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်၊ တပ်မတော် ၏ဂုဏ်ကို   အသက်စွန့်ပြီးမြှင့်တင်လိုသည့် စိတ်ဓာတ်၊  အချင်းချင်းရိုင်းပင်း ကူညီလိုသည့် စိတ်ဓာတ်နှင့် ရဲဘော်ရဲဘက်စိတ်တို့ဖြစ်ပါသည်။ ထိုစိတ်ဓာတ်ကြောင့်ပင်  ထိုက်ထိုက်တန်တန် အောင်မြင်မှုဆုလာဘ်ရရှိခဲ့ခြင်းကို  ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။  ။