နေပြည်တော် ဩဂုတ် ၂၄

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

ရှေးဦးစွာ ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရသများဖြင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် ခေတ္တရပ်နားထားခဲ့ရသော ဖျော်ဖြေတင်ဆက်မှုလုပ်ငန်းများ ပြန်လည်စတင်၍ ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အဆင့် ပဒေသာကပွဲတစ်ခုကို နိုဝင်ဘာလအတွင်း ကျင်းပရန်လျာထားပါကြောင်း။

ပူးပေါင်းပါဝင်ဆောင်ရွက်

၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ၇၅ နှစ်လုံး အစိုးရအဆက်ဆက် ထိန်းသိမ်းနိုင်ခဲ့သည့် အဓိပ္ပာယ်ပြည့်ဝပြီး အနှစ်သာရရှိသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့်အားလျော်စွာ အဆိုပါပဒေသာကပွဲကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရက်လျာထားမှုနှင့်ပတ်သက်၍ အခမ်းအနားတစ်ခုနှင့် တစ်ခုကြား လွတ်ကင်းသော ရက်ရွေးချယ်သတ်မှတ်နိုင်ရေးနှင့် ယခုကျင်းပမည့်ပဒေသာကပွဲကို လစ်ဟာမှုမရှိအောင် မိမိတို့ဘက်မှ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ယင်းနောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမရှိ လေဟာပြင် ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဒေသာကပွဲကြီးခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်ကကျင်းပမည့် အချိန်ကာလ၊ ဖျော်ဖြေရေးအစီအစဉ်များလျာထားမှု၊ ဆပ်ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

လုပ်ငန်းစဉ်များ ဆွေးနွေး

ယင်းနောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်