ဟားခါး သြဂုတ် ၂၄

 

ချင်းပြည်နယ်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေ (၁၀) ဘီလီယံကိစ္စ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

 

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ဒေသအလိုက် လွှဲအပ်ခဲ့ရာ ချင်းပြည်နယ်အတွက် (၁၀) ဘီလီယံ လွှဲပြောင်းပေးအပ်ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်ရန်၊ ပိုလျှံမှသာ အခြားစီးပွားရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့က ကျေးရွာအလိုက် ရွေးချယ်ဆောင်ရွက်သည့် မြစိမ်းရောင် စီမံကိန်းပုံစံဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအတိုင်း သတ်မှတ်သည့် ချေးငွေသက်တမ်းကာလအတွင်း အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားချက်ထားရှိပြီး၊ ချေးငွေ သက်တမ်းကာလမှာလည်း လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီပြီး မြန်ဆန်စွာ အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ စီမံဆောင်ရွက်ကြရန် ဆွေးနွေးသည်။

 

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်သမဝါယမ ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များနှင့် ဒေသအခြေအနေအရ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကိုလည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်း ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက နိုင်ငံ့စီပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဆိုင်ရာ ညွှန်ကြားချက်ပါ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ ဆောင်ရွက်ရမည့်အခြေခံမူနှင့် စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ ချေးငွေအတိုးနှုန်းနှင့် အတိုးကောက်ခံမည့် ကာလသတ်မှတ်ခြင်း၊ ငွေစာရင်း ထိန်းသိမ်းထားရှိခြင်း စသည့်အချက်များကို လည်းကောင်း၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်း၏ လုပ်ထုံးလုပ်နည်းများနှင့် ယခင်ကြုံတွေ့ခဲ့ရသည့် လုပ်ငန်းအတွေ့အကြုံများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက နိုင်ငံတော်မှ ပြည်နယ် စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မတည်ပေးသော ရန်ပုံငွေအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အရင်းမပျောက်စေရေး၊ Quick Win အလျင်အမြန် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတာဝန်ထမ်းဆောင်သည့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စေတနာထက်သန်စွာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း မတည်ရန်ပုံငွေအား အကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အကြုံပြုဆွေးနွေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများကလည်း လိုအပ်ချက်များ အကြံပြုဖြည့်စွက်ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)