နေပြည်တော်  ဩဂုတ် ၂၅

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ Hybrid Format ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး       လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ကလေးလုပ်သားဆိုင်ရာ စစ်တမ်းကောက်ယူခဲ့မှု၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၅)ခု၌ ကလေးလုပ်သားဆိုင်ရာ စစ်တမ်းကောက်ယူနေမှုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စစ်တမ်းကောက်ယူရန် ကျန်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စစ်တမ်းကောက်ယူနိုင်ရေး လုပ်ငန်းအချိန်ဇယားပြုစု၍ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီသို့ ပေးပို့ကြရေးတို့ကို ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က စစ်တမ်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဝင်များက စစ်တမ်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်