ဩဂုတ် ၂၆
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် လူ ၃၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၅၀ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများ( အင်န်ဒီအမ်အေ )က ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် မိုးနှင့်ဆက်စပ်သည့် မတော်တဆမှုများ ဖြစ်ပွားမှုကြောင့် အမျိုးသမီးခုနစ်ဦးနှင့် ကလေးငယ် ၁၇ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အင်န်ဒီအမ်အေ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသည်းထန်စွာရွာသွန်းသောမိုးကြောင့် နိုင်ငံ၏အနောက်မြောက်ဘက် ခီဘာပါ့ခ်ထန်ခဝါပြည်နယ်တွင် ၁၆ ဦး သေဆုံးပြီး အခြားခုနစ်ဦးဒဏ်ရာရရှိကြောင်း၊ တောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်တွင် ၁၃ ဦး သေဆုံးပြီး ၄၀ ဒဏ်ရာရှိခဲ့ကြောင်း၊ အနောက်တောင်ပိုင်းဘာလိုချီစတန်ပြည်နယ်တွင် လေးဦးသေဆုံးပြီး အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် တစ်ဦးစသည်ဖြင့် သေဆုံးခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောကြားသည်။
ပါကစ္စတန်နိုင်ငံတွင် ဇွန်လလယ်မှစတင်ကာ ရွာသွန်းခဲ့သောမိုးကြောင့် အမျိုးသမီး ၁၉၈ ဦးနှင့် ကလေးငယ် ၃၄၃ ဦး အပါအဝင် ၉၃၇ ဦး သေဆုံးခဲ့ပြီး အခြား ၁၃၄၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။
အဆိုပါမိုးရွာသွန်းမှုကြောင့် နေအိမ် ၆၇၀၃၂၈ လုံး၊ တံတား ၁၄၅ စင်းနှင့် ဈေးဆိုင် ၁၂၂ ဆိုင် ပျက်စီးခဲ့သည်ဟု အင်န်ဒီအမ်အေက ထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို