တာမွေ ဩဂုတ် ၂၆
YBS ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီများမှ ယာဉ်မောင်းများအား ၂၀၂၁ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိ ယာဉ်မောင်းဆုချီးမြှင့်ခြင်းကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီးရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အမှာစကားပြောကြားပြီး စည်းကမ်းပိုင်းနှင့် ကောင်းမွန်သော ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်သည့် ယာဉ်မောင်း ၆၀ အား စံပြယာဉ်မောင်းဆုအဖြစ် တစ်ဦးလျှင် ငွေကျပ် သုံးသိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကိုလည်းကောင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ခရီးသွားပြည်သူများ ကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်းများနှင့် ငွေကြေးတို့ကို ခရီးသွားပြည်သူများလက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့သော ယာဉ်မောင်း လေးဦးကို တာဝန်သိယာဉ်မောင်းဆုအဖြစ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း ဂုဏ်ပြုချီးမြှင့်သည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်အတွင်း YBS ခရီးသည်ပို့ဆောင်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော YBS ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများ၊ YBS ခရီးသည်ပို့ဆောင်ရေး တာဝန်များကို ထမ်းဆောင်ရာတွင် ပံ့ပိုးကူညီခဲ့ကြသော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ပြီး YUPT Public Co., Ltd၊ YBPC Co., Ltd၊ လူထုမိတ်ဆွေကုမ္ပဏီ၊ Asia Starmar Transport Intelligent Co., Ltd နှင့် Super One Co., Ltd တို့မှ ဂုဏ်ပြုဆုရ YBS ခရီးသည်တင် ယာဉ်မောင်းများအား မေတ္တာလက်ဆောင် ချီးမြှင့်ငွေများ အသီးသီးပေးအပ်သည်။ ထို့နောက် တက်ရောက်လာကြသူများက ဂုဏ်ပြုဆုရ YBS ခရီးသည်တင် ယာဉ်မောင်းများနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)