ရန်ကုန်၊  ဩဂုတ် ၂၆

 

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့ အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကားဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနနှင့် တိရစ္ဆာန်ဆေးကု သရေးနှင့် ထုတ်လုပ်ရေးဌာနတို့ ပူးပေါင်း၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုကို လည်းကောင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမပေါ်ရှိ အမှတ်(၅) မြစ်ထွက်ပေါက်သို့စီးဆင်းသော ရေမြောင်းအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) မှ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် အမှတ်(၅) မြစ်ထွက် ပေါက် ရေထိန်းတံခါးသို့သွားရောက်၍ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထား ရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်သည် ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ ယုဇနဆီချောစက်ရုံသို့ သွားရောက်၍ စားသုံးဆီထုတ်လုပ်ပုံအဆင့်ဆင့်နှင့်  စက်ရုံလည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စားသုံးသူ ပြည်သူများ၏ ဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ စက်ရုံသန့်ရှင်းသာယာ သပ်ရပ်ရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းထိခိုက်မှု မဖြစ်စေရေး မှာကြားသည်။

 

အဆိုပါ ဆီချောစက်ရုံမှ တစ်နေ့လျှင် စားအုန်းဆီကြမ်း တန် (၃၀၀) ကို ဆီချော ထုတ်လုပ်ပေးနိုင်ပြီး ဆီကြမ်းမှ ဆီချောထုတ်လုပ်ရာတွင် စားအုန်းဆီ ၆၅ ရာခိုင်နှုန်း၊ မုန့်လုပ်ဆီ ၂၅ ရာခိုင်နှုန်းနှင့် ဆပ်ပြာဆီ ၅ ရာခိုင်နှုန်းခန့် ထွက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)